ကုလသမဂ္ဂ သဘောတူညီချက် မြန်မာ ဖေါက်ဖျက်ဟု အစီရင်ခံစာ ဖေါ်ပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံဟာ United Nations Convention on the Rights of the Child ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖေါက်ခဲ့တယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက တွေ့ရှိရကြောင်း စနေနေ့ နောက်ဆုံးရ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

(Save the Children Norway) ကလေးသူငယ်များ ကယ်ဆယ်ရေးအဖွဲ့ နော်ဝေ ဌာနခွဲက ကြီးကြပ်ပြုစုခဲ့တဲ့ ဥပဒေပညာရှင်တွေရဲ့ သုတေသန အစီရင်ခံစာမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲစခန်းတွေကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်မှုအတွက် မြန်မာအစိုးရရဲ့ တုံ့ပြန်အရေးယူမှုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် အစဉ်တစိုက် ခွဲခြားဖိနှိပ်ဆက်ဆံခဲ့မှုတွေဟာ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာ ပါရှိတဲ့ အပိုဒ်တွေထဲက အနည်းဆုံး ၇ ပိုဒ်ကို ကျူးလွန်ဖေါက်ဖျက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ပါရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ၇ သိန်းမှာ တဝက်ကျော်က ကလေးသူငယ်တွေဖြစ်ပြီး အဲဒီ ကလေးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ လူမဆန် ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်ခဲ့ခြင်းတွေကနေ အကာအကွယ်ပေးရန် မြန်မာအစိုးရအနေနဲ့ ပျက်ကွက်ခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ရှေ့အပတ်အတွင်း တရားဝင် ထုတ်ပြန်မှာဖြစ်ပါတယ်။

မြန်မာတပ်ဖွဲ့တွေဟာ အဲဒီကာလအတွင်းက ဒေသခံ ရိုဟင်ဂျာမွတ်စလင် ထောင်ပေါင်းများစွာကို တိုင်းပြည်က ထွက်ပြေးအောင် အစီအစဉ်သေချာချမှတ်ပြီး ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြောင်းနဲ့ အဲဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အကြမ်းဖက်သမားတွေ တုံ့ပြန်ကာကွယ်မှုအဖြစ် ဆင်ခြေပေးခဲ့ကြောင်းလည်း ဖေါ်ပြထား ပါတယ်။

အဲဒီလို ဖြစ်ပွားမှုတွေအတွက် မြန်မာအစိုးရမှာရော လုံခြုံရေးတပ်ဖွဲ့တွေမှာပါ တာဝန်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ စစ်ဆင်ရေးကာလ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရက ဟန့်တားရှုတ်ချခဲ့တဲ့ အထောက်အထား တစ်စုံတစ်ရာမှ မတွေ့ရဘဲ ထောက်ပံ့ကူညီခဲ့တဲ့ အချက်တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံ ၁၉၆ နိုင်ငံပါဝင်ပြီး ၁၉၉ဝ ခုနှစ်မှာ စတင်အသက်ဝင်ခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။