ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား မကြာခင်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရေးထိုးခဲ့ရာမှာ အဲဒီသူတွေပြန်လာတဲ့အခါ ရခိုင်ပြည်နယ်ရှိ တခြားတိုင်းရင်းသားအားလုံးနည်းတူ လွတ်လပ်ခွင့်တွေ ရရှိမှာဖြစ်ပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည် နယ်နမိတ်ကို ကျော်လွန်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်အတွက် ကတိပြုခြင်းတော့ မပါဝင်ဘူးလို့ နောက်ဆုံးရ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။
အဲဒီ မြန်မာနဲ့ ကုလအကြား မေလကုန်ပိုင်းက သဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာအရဆိုရင် မွတ်စလင် ဒုက္ခသည်တွေအနေနဲ့ မိမိတို့ သဘောဆန္ဒအလျှောက် ပြန်လာတဲ့အခါ သူတို့ရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရက တာဝန်ယူထားပြီး တည်ဆဲ နည်းဥပဒေတွေအတိုင်း ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ တခြားအခွင့်အရေးတွေ တန်းတူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လာသူတွေကို သက်သေခံကတ်ပြားတွေ ထုတ်ပေးမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် နောင်တချိန်မှာ နိုင်ငံသားဖြစ်ခွင့် ရရှိဖို့လည်း လမ်းဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ဒီသဘောတူညီချက် မှန်ကန်ကြောင်း နိုင်ငံတကာအဖွဲ့အစည်း ၂ ခုက အတည်ပြုခဲ့ပေမယ့် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကတော့ တရားမဝင် အခုလိုပေါက်ကြားသွားတဲ့ သတင်းအတွက် မှတ်ချက်မပေးနိုင်ကြောင်း၊ ဒီသဘောတူညီချက်ကို တရားဝင် လူသိရှင်ကြား ထုတ်ပြန်ဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခ ုဖြစ်ကြတဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တို့အကြား ဆက်လက်ညှိနှိုင်းဆဲဖြစ်ကြောင်း ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အဲဒီ နားလည်မှုစာချွန်လွှာကို ကုလ အဖွဲ့အစည်းတွေက မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံမူဘောင် ချမှတ်ရန် ပထမခြေလှမ်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ အခြေခံ လူ့အခွင့်အရေးတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ဒုက္ခသည်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားကြောင်းနဲ့ အဲဒီ သဘောတူညီချက်မှာ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခြင်း မရှိတဲ့အတွက် မကျေနပ်ဘူးလို့ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုမောင်မောင်သိန်းကတော့ ဒီသဘောတူညီချက်ဟာ မျှတပြီး အားလုံးလက်ခံသင့်တဲ့ အချက်တွေပဲလို့ ဝေဖန်ပါတယ်။
"သူတို့ကိုပြန်လာတာ လက်ခံပေးရင် သူတို့ကျေနပ်ဖို့ကောင်းတယ်။ နဂိုကတည်းကလည်း သူတို့က ဒီနေရာမှာပဲနေပြီး ဒီနေရာမှာပဲ သွားလာလှုပ်ရှားခွင့်ရထားတာပဲ။ အင်တာနေရှင်နယ်အရလည်း ကျနော်တို့တွေ ဒီဘက်ကို အခြေချ လာရောက်နေထိုင်ခွင့်ရလို့ လာတယ်ဆိုရင်လည်း ဒီအမေရိကန်ရဲ့ Immigration Law လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဘောင်အတွင်းနေထိုင်ရတာပဲလေ။ သူတို့တွေ ပြန်လာပြီဆိုရင်လည်း တရားဥပဒေဘောင်အတွင်းနေပြီး နောက်ပိုင်းကျမှ နိုင်ငံသားပြုမှုဥပဒေတို့ ဘာတို့ ရှိတဲ့အတိုင်း ရေရှည်မှာ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေအတိုင်း နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ နေထိုင်သွားရင် သူတို့တွေလည်း နိုင်ငံသားဖြစ်ခွင့် ရလာမှာပေါ့ဗျာ။ နိုင်ငံသားဖြစ်ပြီဆိုရင်တော့ ကျန်တဲ့ နိုင်ငံသားတွေ နည်းတူ အခွင့်အရေးတွေ တန်းတူ ရလာကြမှာပေါ့ဗျာ။ အဲဒီ အချိန်အထိတော့ သူတို့လည်း စိတ်ရှည်လက်ရှည် စောင့်ရမှာပေါ့"
မွတ်စလင်ဒုက္ခသည် ခေါင်းဆောင် အများစုကတော့ နိုင်ငံသားဖြစ်ခွင့်အတွက် အာမခံချက်မရရင် သူတို့ မပြန်နိုင်ဘူးလို့ ပြောနေကြဆဲ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သဘောတူညီချက်သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တုံ့ပြန်ချက် တစ်စုံတစ်ရာ မရရှိသေးပါဘူး။