ချောက်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၅ ဦး ဖမ်းဆီးခံရ
2023.03.20

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် (၁၃) ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းရဲ့ ကျောင်းဆင်းဆုပေးပွဲကိုလာသူ နှစ်ဦးအပါအဝင် အစ္စလာမ်ဘာသာဝင် ၁၅ ဦးကို မတ်လ ၁၈ ရက်နေ့ ည ၈ နာရီမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧည့်စာရင်းမတိုင်လို့ ဖမ်းဆီးတာဖြစ်ပြီး နှစ်ဦးပြန်လွှတ်ပေးပေမယ့် ၁၃ ဦးကိုတော့ လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ ဧည့်စာရင်းမှုနဲ့ စွဲထားတာပါ။ ဧည့်စာရင်း မတိုင်လိုက်လို့လေ။ အားလုံး ၁၅ ယောက်ပေါ့။ နှစ်ယောက်က လွတ်ပြီလေ။ နှစ်ယောက်က တောင်တွင်းကြီးကနဲ့ မကွေးက မော်လဝီရယ် တစ်ပါးရယ်"
ချောက်မြို့က နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးတိုင်း အိမ်မှာရှိနေတဲ့ ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေပါမချန် ဖမ်းဆီးလေ့ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေထဲမှာ ပိုက်ဆံချမ်းသာတဲ့ မြို့ခံတွေပါဝင်သလို အခြားမြို့နယ်က ရောက်နေသူတွေပါ ပါဝင်တယ်လို့ ချောက်မြို့ခံတစ်ဦးက ပြောပါတယ်။
"အမျိုးသမီးနဲ့၊ အမျိုးသားတွေရော အရွယ်စုံပဲ။ အဲအိမ်မှာရှိတဲ့လူ အကုန်ပေါ့။ ချမ်းသာတဲ့ မွတ်စလင် အသိုင်းအဝိုင်းတွေ များတာပေါ့။ တချို့ကလည်း ဧည့်စာရင်းတိုင်တဲ့လူက တိုင်တယ်။ မတိုင်တာတွေလည်း ရှိတယ်လေ။ အိမ်ရှင်ရော ဧည့်သည်ရော အကုန်ဖမ်းတာပေါ့"
သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားသလဲဆိုတာ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာတွေ အပါအဝင် အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ဖမ်းဆီးမှုတွေဟာ အရင်ကတည်းကရှိနေပြီး ဒါတွေက မဖြစ်သင့်ဘူးလို့ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းအောင်က RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဖိနှိပ်ခံရမှုတွေ အများအပြားရှိတာ သက်သေအထောက်အထားတွေ အခုမှ မဟုတ်ဘူး။ အရင်ကတည်းက အများအပြား ရှိခဲ့ပါတယ်။ ဥပမာ ရိုဟင်ဂျာတွေ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေပေါ့နော်။ သူတို့ဆိုလို့ရှိရင် တစ်နေရာကနေ တစ်နေရာကို သွားခွင့်မရှိဘူး။ ဒါသူတို့ ဒီမှာပေါက်၊ ဒီမှာမွေးတွေပဲ။ သူတို့ကို မှတ်ပုံတင်မရှိလို့ သွားခွင့်မရှိဘူးဆိုပြီးတော့ ဖမ်းပြီး ထောင်ချတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါတွေကတော့ မြန်မာပြည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုလို၊ လုပ်ထုံးလုပ်နည်းလိုလို ဖြစ်နေတာတော့ ကြာပြီပေါ့နော်။ ဒါကမဖြစ်သင့်တဲ့ကိစ္စလို့ပဲ ပြောချင်ပါတယ်"
လက်ရှိ တည်ဆဲဥပဒေမှာ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားအဖြစ် ခွင့်ပြုထားပြီး သားဖြစ်လို့ ချောက်မှာ အဖမ်းခံရသူတွေဟာ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လို့ ဖမ်းဆီးတာမျိုး မဟုတ်ဘဲ အစ္စလာမ်ဘာသာဝင် ဖြစ်နေတာကြောင့် မတရားဖမ်းဆီး တာမျိုးဆိုရင် မဖြစ်သင့်ဘူးလို့ ဦးစန်းအောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ လက်ခံဖြေဆိုခြင်း မရှိပါဘူး။