ရန်ကုန်ကိုသွားတဲ့ ရိုဟင်ဂျာအမျိုးသမီး လေးဦး အမ်းဂိတ်မှာ အဖမ်းခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ရန်ကုန်ကိုသွားတဲ့ကားနဲ့ လိုက်ပါလာတဲ့ မွတ်စလင် အမျိုးသမီး လေးဦးဟာ ဧပြီလ ၃၀ ရက်နေ့က အမ်းမြို့ ၁ မိုင်ကုန်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရပြီး လူဝင်မှုကြီးကြပ်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အမ်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်က RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီအမျိုးသမီးလေးဦးဟာ မာန်သစ္စာခရီးသည်တင်ယာဉ် ကားခေါင်မိုးထဲမှာ ခိုးဝှက်လိုက်ပါ လာခဲ့တာဖြစ်ပြီး သူတို့ကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူနှစ်ဦးကိုလည်း တရားမဝင် သယ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ-၃၆၇ နဲ့ အမှုဖွင့်ထားတယ်လို့ အမ်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်က ပြောပါတယ်။
“ကျနော်တို့ကတော့ ရဲ၊ စစ်တပ်၊ လဝကပေါင်းပြီး စစ်ဆေးရေးဂိတ်တွေမှာ အမြဲတမ်း စစ်ဆေးနေတာ။ အဲဒီမှာ သူတို့ကို ဖမ်းမိတာပေါ့။ သူတို့လေးယောက်က ကားခေါင်မိုး ထဲမှာ ဝှက်ပြီးတော့ လာခဲ့တာ။ အခုတော့ သူတို့ကို အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေ ပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘာအထောက်အထားမှမပါဘဲ ခရီးသွားကြ တာလေ”
ရခိုင်ပြည်နယ်ကနေ အခုလိုမျိုး ပြည်မကို တရားမဝင်လမ်းကြောင်းကနေ သွားလာလို့ ဖမ်းဆီးရမိတာ ဒီနှစ်အတွင်းမှာတင် ငါးကြိမ်ထက်မနည်း ရှိနေပြီလို့လည်း ဆိုပါတယ်။
မွတ်စလင်တွေဟာ ဒုက္ခသည်ခစန်းမှာ အလုပ်အကိုင်တွေလည်းမရှိသလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာ ကြောင့် အဆင်ပြေမယ့်နေရာကို သွားတာကို အခုလိုမျိုး ဖမ်းဆီးအမှုဖွင့် တာက မဖြစ်သင့်ဘူးလို့ စစ်တွေမြို့နယ် မွတ်စလင်ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့က ဒုက္ခသည်စခန်းမှာပဲ အမြဲတမ်းနေ နေရတာ။ အလုပ်အကိုင်ကမရှိ။ စားဝတ်နေရေးကလည်း အဆင်မပြေဘူး။ ဒီစခန်းထဲမှာပဲ သွားလိုက်လာလိုက်နဲ့၊ တစ်နေ့တစ်နေ့ ဒါတွေပဲ ထပ်ထပ်ခါခါဖြစ်နေတာတော့ ဒါတွေကို မခံစားနိုင်ကြလို့ သူတို့က ထွက်ပေါက်ရှာကြတာပေါ့။ အဲဒါကို အခုလိုမျိုး ဖမ်းဆီးတာ၊ အမှုဖွင့်တာ တွေတော့ မဖြစ်သင့်ပါဘူး။ ကျနော်တို့ကိုလည်း တခြားလူမျိုးတွေလို လွတ်လပ်စွာ သွားလာခွင့်ပေးသင့်တယ်”
စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းအားလုံးနီးပါးက ဒုက္ခသည်တွေဟာ ပြည်မနဲ့ မလေးရှားနိုင်ငံတွေကို အခုလိုမျိုး တရားမဝင်လမ်းကြောင်းကနေ သွားလာ နေကြပြီး အများစုကတော့ ဖမ်းဆီးခံရတာနဲ့ သတင်းအစအန ပျောက်ဆုံးတာတွေပဲ များတယ်လို့လည်း ဆိုပါတယ်။
အဲဒီအမ်းမြို့နယ် ကံမြင့်စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း မွတ်စလင် အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အလားတူပဲ မတ်လ ၁၁ ရက်နေ့ကလည်း မွတ်စလင်အမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရပြီး သူတို့ဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (ခ) နဲ့ အမှုဖွင့်ခံထားရပါတယ်။