လုံခြုံရေး တိုးမြှင့်ပေးဖို့ RNDP ပါတီတိုက်တွန်း


2014.01.26
rndp-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရုံးချုပ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသား ပြည်သူတွေ သာမက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ တိုက်ခိုက်ခံနေ ရတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ပေးဖို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက် ပါတယ်။

အဲဒီကြေညာချက်မှာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်ကျေးရွာ မှာ သေနတ်တစ်လက်နဲ့ ပျောက်ဆုံးသွားခဲ့တဲ့  ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဟာ သေဆုံးပြီလို့ ယူဆရကြောင်း ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ လိုအပ်နေပြီဖြစ်တဲ့အတွက် အခုလိုကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်ဇောဦးက ပြောပါတယ်။

“ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့၊ အချိန်နဲ့ တပြေးတည်း တုန့်ပြန်ခွင့်ပေးဖို့ စသဖြင့်ပေ့ါ၊ အဲဒါ လုံခြုံရေးပိုင်းကို ကိုင်တွယ်ပေးဖို့ ကျနော်တို့ ထောက်ပြပါတယ်၊ ပြည်ပက မီဒီယာတွေဟာ မခိုင်လုံတဲ့ အရင်းအမြစ်အပေါ်မှာ ကိုးကားပြီးတော့ သတင်းအမှားတွေကို အခြေခံပြီးတော့ အစိုးရကို ဒီလိုဖိအားပေးနေတာဟာ မဆီလျော်ဘူး၊ မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းလည်းပါပါတယ်”

ဒုချီးရားတန်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင့်ခဲ့ကြတဲ့ သတင်းဌာနတွေဟာ တိုက်ခိုက်ခံရသူ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၊ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံသားတွေကို ဂုဏ်သိက္ခာထိပါးအောင် စော်ကားတာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ရှိအဖွဲ့အစည်းတွေက ထိထိရောက်ရောက် ကာကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင ်ဦးကျော်ဇောဦးကို RFA သတင်းထောက် ကိုကျော်သူက  ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။