RNDP ကို ရွေးကောက်ပွဲကော်မရှင်က သတိပေး
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဝကျေးရွာမှာ မသီတာထွေးရဲ့ ကောင်းမှုအဖြစ် ဆောက်လုပ် လှူဒါန်းမယ့် အလယ်ကျောင်း ရံပုံငွေအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မသီတာထွေး ရုပ်ပုံနဲ့ ပြက္ခဒိန်တွေ ထုတ်ဝေ ရောင်းချခဲ့မှုအပါအဝင် ကိစ္စတချို့အတွက် RNDP ပါတီ တာဝန်ရှိသူတွေ ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ခေါ်ယူသတိ ပေးလိုက်ပါတယ်။
-
2012-12-25 -
-
-
ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့တွေ့ဆုံ ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFAကို အခုလိုပြောပါတယ်။
"မသီတာထွေမျက်နှာဖုံးနဲ့ ပြက္ခဒိန်ထုတ်ဝေတဲ့ကိစ္စရယ်၊ တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)မှာ ရခိုင်ပြည်နယ်ပြိုကွဲခဲ့လျှင်ဆိုတဲ့ ဆောင်းပါးမှာ အစ္စလာမ်ဘာသာကို ထိခိုက်တဲ့အ သုံးအနှုန်းတွေ ပါရှိနေတယ်ဆိုပြီးတော့ မြန်မာမူဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်က ကော်မရှင်ကို တိုင်ကြားခဲ့အတွက် ခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်"
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က RNDP ပါတီရုံးမှာ ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ ၂၂၇ နှစ်မြောက်အထိမ်းအမှတ်အဖြစ် အခမ်းအနားပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပါတီရုံးမှာကျင်းပခြင်းမပြုလုပ်ဖို့ သတိပေးလိုက်တယ်လို့ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ RNDP ပါတီ တာဝန်ရှိသူတွေကို အခုလို ခေါ်ယူတွေ့ဆုံခဲ့ရာမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နဲ့ အမျိုးသားအင်အားစုပါတီ တွေက တာဝန်ရှိသူတွေကိုလည်း သက်သေအဖြစ် ခေါ်ယူထားခဲ့တယ်လို့ သိရပါတယ်။r