မိတ္ထီလာမြို့ အဓိကရုဏ်းဖြေရှင်းရေး ဆွေးနွေး မှု မူ ၆ ချက် ချမှတ်

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ သဘောတူညီချက် ၆ ချက် ရရှိခဲ့တယ်လို့သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက RFA ကိုပြောပါတယ်။
"ဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရယ် သဘောတူထားတဲ့ဟာကို တင်ပြတယ်၊ အဓိက နံပါတ် ၁ အချက်က တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ကိစ္စ ဒီအဖြစ်မျိုးကို နောက်နောင်မဖြစ်အောင် ထိန်းသိမ်းကာကွယ်သွားမယ်ဆိုတဲ့ကိစ္စ"
ဒါ့အပြင် ဒုက္ခသည်တွေ အမိုးအကာအောက်ရောက်ရှိစေဖို့နဲ့ အမြန်ဆုံးသူတို့အိမ်သူတို့ ပြန်နိုင်အောင်စီစဉ်ပေးဖို့၊ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို ထောက်ပံ့ဆောင်ရွက်ဖို့နဲ့ လူမှုအဖွဲ့အစည်းနှစ်ခုအကြား ယုံကြည်မှုပြန်လည်ဖြစ်ပေါ်လာအောင် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့စသဖြင့် သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။
မနေ့ညနေကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေဟာ မိတ္ထီလာမြို့မှာ တံခါးပိတ်အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး၊ အလားတူအဓိကရုဏ်းတွေ နောက်နောင်မဖြစ်ပွားရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ပြန်လည်ထူထောင်ရေးကိစ္စတွေဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်စတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ အခုမိတ္ထီလာမြို့ကို စတင်ရောက်ရှိနေပြီလို့လည်းသိရပါတယ်။