မြန်မာဒုက္ခသည်တွေ ပြန်ပို့မှု ထိုင်းကိုဝေဖန်

မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ စစ်ရေး မတည်ငြိမ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသား ပင်ပေါင် ဘောလုံးသဖွယ် ထိုင်းဘက်ကနေ အချိန်မတန်ခင် အကြိမ်ကြိမ် ပြန်ပို့နေတာကို ရပ်တန့်ဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) ((Photo: AFP))

နိုဝင်ဘာလအတွင်း နယ်စပ် တိုက်ခိုက်မှုတွေ ဖြစ်လာကတည်းက မြန်မာဘက်က ဒုက္ခသည် ၂ သောင်းကျော် ထိုင်းဘက်ကို ထွက်ပြေးလာကြောင်း၊ သူတို့ကို ရက်အနည်းငယ်အတွင်း ပြန်ပို့ခဲ့ကြောင်း၊ ဒါ့ပြင်လည်း နောက်ထပ် ထွက်ပြေးလာမယ့် အလားလာတွေလည်း ရှိနေကြောင်း HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဘက်မှာ အမှန်တကယ် မတည်ငြိမ်သေးသရွေ့ ဒုက္ခသည်တွေကို ပြန်မပို့သင့်ကြောင်း၊ နယ်စပ်နဲ့ အဝေးမှာ ဆက်လက်နေထိုင်ခွင့် ပေးသင့်ကြောင်းလည်း HRW ရဲ့ အာရှရေးရာ ဒုညွန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။