ဆန် သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူမယ်လို့ ဆန်စပါးအသင်းချုပ်ပြော

RFA Burmese
2024.12.05
ဆန် သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူမယ်လို့ ဆန်စပါးအသင်းချုပ်ပြော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ကို စစ်ကောင်စီ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆန်ကို ဈေးတင်ရောင်းချတဲ့ ကြော်ငြာတွေ တွေ့ရသလို ဈေးကွက်ထဲမှာလည်း ဈေးတင်ရောင်းနေပြီး အထူးသဖြင့် ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်း စပါးသစ်ပေါ်ချိန်မှာ ဆန်ဈေးမြှင့်ဖို့အတွက် လုပ်ဆောင်လာတာတွေ တွေ့ရတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ဒါကြောင့် ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စတဲ့ ဆန်အမျိုးအစားတွေကို သိုလှောင်ဈေးကစားတာတွေ မလုပ်ဖို့ ဆန်စပါးအသင်းချုပ်က အသိပေးပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ ဆန်ကုန်သည်တွေဆီက စတင်ဝယ်ယူကတည်းက သတ်မှတ်ဈေးထက် ပိုဝယ်နေရတာကြောင့် ပြန်ရောင်းတဲ့အခါမှာလည်း ဈေးတင်ရောင်းနေရတယ်လို့ ပြောပါတယ်။

“ရည်ညွှန်းစျေးအတိုင်း ကျွန်တော်တို့က ရောင်းလို့မရသလို ကျွန်တော်တို့ဆိုင်မှာ ရောင်းဖို့ဆိုပြီး ကုန်သည်တွေဆီက ဝယ်လာကတည်းက သူတို့သတ်မှတ်ထားတဲ့စျေးအတိုင်း ဝယ်လို့ မရခဲ့ဘူးလေ။ ရွှေဘိုပေါ်ဆန်းကို ပြောတာနော်။ ထိပ်စမပြောနဲ့ ထူးရှယ်တောင် လိုချင်သလောက် ဝယ်လို့မရဘူး။ တချို့ဆို အရောင်း ရပ်ထားတယ်သာ ပြောတာ။ လက်သိပ်ထိုးပြီး အရောင်းအဝယ် လုပ်နေကြတာ။ ရောင်းသူ၊ ဝယ်သူ သဘောတူတဲ့ပုံစံနဲ့ ရောင်းနေကြတာ။ သတ်မှတ်စျေးအတိုင်း ရောင်းဝယ်လုပ်မရလို့။ ရည်ညွှန်းစျေးအတိုင်းသာ မရောင်းလို့ အရေးယူမယ်ဆိုရင်တော့ ဆန်ဆိုင်တွေ အကုန်ဖမ်းမှပဲ ရတော့မှာပဲဗျ”

ရည်ညွှန်းစျေးအရေ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၂၅,၀၀၀ ကျပ်လို့ သတ်မှတ်ထားပေမဲ့ ဆန်ဆိုင်တွေမှာ ရွှေဘိုပေါ်ဆန်းကို ၁၉၀,၀၀၀ ကနေ နှစ်သိန်းကျပ်အထိ ရောင်းနေကြပြီး ဧရာဝတီပေါ်ဆန်းဆိုရင် ၁၆၀,၀၀၀ ကျော်နဲ့ ရောင်းချနေကြရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သတ်မှတ်ဈေးအတိုင်း မရောင်းရင်တော့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ ဆန်စပါးအသင်းချုပ်က ပြောဆိုထားပါတယ်။

သြဂုတ်လအတွင်းကလည်း ပြည်တွင်းမှာ ဆန်စျေးတွေ မြင့်တက်နေတာနဲ့ပတ်သက်လို့ နိုင်ငံတစ်ဝန်းက ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦး၊ စျေးဝယ်စင်တာနဲ့ စတိုးဆိုင် ၅၃ ခုက တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲဒီအထဲက ၁၁ ဦး အရေးယူခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။