တပ်ချုပ်ကို မလေးရှားပေးတဲ့ဆု ပြန်သိမ်းဖို့ Burma Campaign UK ဆက်လက် တောင်းဆို


2019.09.26
minaunghlaing-21panglong-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့ကကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Thiha Tun/ RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မလေးရှားရဲ့ စစ်ဖက်ဆိုင်ရာ ဂုဏ်ပြုဆု ပေးအပ်ထားတာ ပြန်ရုပ်သိမ်းဖို့ မလေးရှားဝန်ကြီးချုပ်ဆီ စာရေးသားတောင်းဆိုတဲ့ လှုပ်ရှားမှုကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေအနေတွေကို စောင့်ကြည့်ဝေဖန်နေတဲ့ Burma Campaign UK အဖွဲ့က ပြုလုပ်နေပါတယ်။

၂၀၁၈ နှစ်ဆန်းပိုင်းက အစပြုခဲ့တဲ့ ဒီလှုပ်ရှားမှုကို မနေ့က ပြန်လည် အရှိန်မြှင့် ဆောင်ရွက်လိုက်တာပါ။

ဒီလို တောင်းဆိုလှုပ်ရှားရာမှာ ဝန်ကြီးချုပ်ဟောင်းရဲ့ မှတ်ချက်ကိုလည်း သူတို့က ထည့်သွင်း အသုံးပြုကြပါတယ်။

၂၀၁၆-၂၀၁၇ ရခိုင်မြောက်ပိုင်းမှာ လူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ဒုက္ခသည် ရှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင် ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ရှင်းလင်းရေးစစ်ဆင်ရေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးတဲ့ တပ်မတော်က တာဝန်ရှိပေမယ့် ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆီမှာ အဲဒီ မလေးရှားရဲ့အမြင့်ဆုံးစစ်ဖက်ဆိုင်ရာ ဂုဏ်ပြုဆု ရှိနေရတာလဲလို့ ဝန်ကြီးချုပ်ဟောင်း ရာဂျစ်နာဇတ်က မေးခွန်းထုတ်ထားပါတယ်။

မလေးရှားတင်မက တခြားဘယ်နိုင်ငံကမှ အဲဒီလို ဂုဏ်ပြုဆု မပေးသင့်ဘူးလို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် တပ်မတော်အနေနဲ့ တုံ့ပြန်စရာမရှိကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မလေးရှားကပေးတဲ့ ဆု နှစ်ဆု၊ ထိုင်းဘုရင့်နန်းတော်က ပေးအပ်တဲ့ဆု တစ်ဆု ရရှိထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကြာသေးခင်က နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့တို့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလမ်၊ ဗုဒ္ဓဘာသာ ခေါင်းဆောင်တချို့ကို သွားရောက် တွေ့ဆုံပြီး လှူဒါန်းခဲ့ပါတယ်။

မန္တလေးတိုင်း အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က တပ်မတော်ခေါင်းဆောင်နဲ့ တွေ့ဆုံခိုက်မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြို့တချို့မှာ အပိတ်ခံထားရတဲ့ ဗလီဝတ်ကျောင်းတွေ ပြန်ဖွင့်ပေးနိုင်ရေး အကူအညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

တပ်မတော်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေကိုသာ သွားရောက်လှူဒါန်းလေ့ရှိခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီးရဲ့ အလှူအတန်းဆိုင်ရာ ခြေလှမ်းတွေက လတ်တလော အခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ရန်ကုန်မြို့က တိုင်းရင်းသားအရေး၊ စစ်ရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ခန့်မှန်းပါတယ်။

“အဓိကကတော့ နိုင်ငံတကာကနေပြီးတော့ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သတ်ပြီး လူမျိုးရေးအရကော၊ ဘာသာရေးအရကော ခွဲခြားဆက်ဆံတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မတီကနေ အစီရင်ခံစာတွေ အပေါ်မှာ ပြန်လည်တုံ့ပြန်တယ်လို့ ယူဆရမှာပဲ”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီလိုလှူဒါန်းမှုတွေဟာ စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့်နဲ့ ကိုကျော်လွင်ဦး ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။