ထိုင်းနိုင်ငံတောင်ပိုင်း တလန်ခရိုင် ကတန်မြို့နယ်က ဖက်ကျော်စင်လှေဆိပ်မှာ လှေပေါ်ကို ရောင်းစားခံရတော့မယ့် မြန်မာနိုင်ငံသား ၁ဝ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း(MAT)အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လူကုန်ကူးသူတွေက ငါးဖမ်းလှေတွေဆီကို ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် မောင်သက်လင်းထွန်းဆိုသူက စတင်ဆက်သွယ် အကူအညီတောင်းခံခဲ့ရာကနေ ဒီကနေ့မှာ သွားရောက်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကယ်တင်လိုက်နိုင်သူ ၁ဝ ဦးဟာ ပဲခူးတိုင်းက ၄ ဦး၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်အုပ်စု၊ ရွှေပြည်ရွာက ၄ ဦး၊ ရန်ကုန်တိုင်းက ၂ ဦး ဖြစ်ပါတယ်။
ဒါပေမယ့် လှေပေါ်ကို ရောင်းချခဲ့တဲ့ ရန်ကုန်သားဆိုတဲ ပွဲစားကိုတော့ နယ်မြေခံရဲတွေက မဖမ်းဆီးပေးခဲ့ဘူးလို့ MAT ဒါရိုက်တာ ဦးကျော်သောင်းက အခုလိုပြောပါတယ်။
"စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီမြန်မာအလုပ်သမားတွေကို လှေပေါ်ချဖို့အတွက် အခန်းထဲမှာပိတ်ထားတဲ့ ရန်ကုန်သားလို့ခေါ်တဲ့တစ်ယောက်ကို ပုလိပ်တွေကခေါ်မလာဘူး၊ သူ့တို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အမြန်ဆုံးပို့ပါမယ်တဲ့၊ ကလေးတွေကလည်းပဲ ကျနော်တို့ အမြန်ပြန်ရရင်ပြီးရောဆိုပြီးတော့ လူကုန်ကူးမှုနဲ့ အမှုဖွင့်တဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ပြန်ပို့မယ့်သဘောရှိတယ်"
ဒီမြန်မာပြည်သားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့က ရောင်းစားခံခဲ့ရတာဖြစ်ပြီး လှေပေါ်တက် ဖို့ စောင့်ဆိုင်းနေစဉ်မှာ အခုလိုကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလှေဆိပ်မှာတင်ပဲ ပင်လယ်ထဲရှိ ငါးဖမ်းလှေ အမှတ် ၁၈ ပေါ်မှာပါသွားတဲ့ စတင်ဆက်သွယ်လာသူ ပဲခူးတိုင်း၊ ပြွန်တန်ဆာမြို့နယ် အေးရွာ က မောင်သက်လင်းထွန်းနဲ့ ချမ်းအေးရွာသား အရှည်ကြီးဆိုသူ ၂ ဦးတို့ ရှိနေသေးကြောင်း၊ သူတို့ကိုတော့ လှေပိုင်ရှင်နဲ့ ညှိနှိုင်းပြီး မနက်ဖြန်လှေကမ်းကပ်ရင် ခေါ်ဆောင်ပေးမှာဖြစ်ပြီး၊ ပွဲစားတွေကိုတော့ လူကုန်ကူးမှုနဲ့ အရေးယူမယ်လို့ ရဲကပြောဆိုကြောင်း ဦးကျော်သောင်းက ပြောပါတယ်။
အခု၂ဝ၁၃ ခုနှစ်အတွင်း အဲဒီကတန်လှေဆိပ်အပါအဝင် ထိုင်းနိုငံတောင်ပိုင်း အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေက ငါးဖမ်းစက်လှေတွေမှာ ရောင်းစားခံထားခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၂ဝ ဦးကို ကယ်တင်နိုင်ခဲ့ပြီးပြီလို့လည်း သိရပါတယ်။