မြန်မာအမျိုးသမီး ၁၃ ဦး ထိုင်းမှာ အဓမ္မပြည့်တန်ဆာဘဝက လွတ်မြောက်


2013.06.25

ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့မှာ ပြည့်တန်ဆာ အဖြစ် အတင်းအကြပ် စေခိုင်းခံထားရတဲ့ မြန်မာအမျိုးသမီး ၁၃ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (AHTD)က ကယ်တင်နိုင်ခဲ့ပြီး၊ အဲဒီအမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် Chonthipaporn ချွန်သီပါပွန်ဆိုသူ ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကယ်တင်ခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေထဲမှာ အသက် ၁၈ နှစ်အောက် ၄ ဦးပါဝင်ပြီး၊ ရနောင်းမြို့ ခေါင်နီဝပ် (Khao Niwet) မှာရှိတဲ့ DD အပန်းဖြေ ဂေဟာကနေ ကယ်တင်နိုင်ခဲ့တာဖြစ်ကြောင်း AHTD အကြီးအကဲ ရဲမှူးချုပ် ချာဝလစ်က ပြောပါတယ်။

အဲဒီ မြန်မာအမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး စကားပြောဆိုခွင့်ရခဲ့သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရနောင်းကနေပြီးတော့ သူတို့ကို ထိန်းသိမ်းခံထားရတာပါတဲ့၊ သူတို့ ၁၃ ယောက်ရှိတယ်တဲ့၊ ဒီဒီ ကာရာအိုကေဆိုင်တဲ့၊ သူတို့ပြောပြချက်ပေါ့နော်၊ သူတို့ ၁ နာရီကို ၅ဝဝ ရတယ်၊ ၃ဝဝ ကို ပိုင်ရှင်ကဖြတ်တယ်၊ အဲမှာ ထမင်းဖိုးတို့၊ အခန်းစရိတ်ဖိုးတော့ ဘာတို့ဖြတ်တယ်ပေါ့နော် အဲလိုမျိုးပြောတယ်”

အဲဒီ ၁၃ ဦးထဲက အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦးဟာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ပြောပါတယ်၊

ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးကို အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာအဖြစ်စေခိုင်းမှု၊ တရားမဝင် နိုင်ငံခြားသားလက်ခံမှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒီလူကုန်ကူးမှုမှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်တာ မတွေ့ရှိရကြောင်း၊ အကယ်၍ ပတ်သက်တယ်လို့ စစ်ဆေးတွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောဆိုကြောင်းလည်း ထိုင်းသတင်းတွေက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရတဲ့ အသက် ၁၈ နှစ်အောက် မြန်မာအမျိုးသမီးငယ် ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး၊ ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။