တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်ဖွင့်

RFA Burmese
2024.04.27
တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်ဖွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တိုက်ပွဲတွေကြောင့် ခြောက်ရက်ကြာ ယာယီပိတ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ဧပြီလ ၂၇ ရက်နေ့ မနက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မနက် ထိုင်းစံတော်ချိန် ၁၀ နာရီမှာ ပြန်ဖွင့်လိုက်တာဖြစ်ပြီး မြဝတီဘက်ကိုပြန်မယ့်သူတွေ တံတားအဝင်မှာ တန်းစီစောင့်နေကြရပါတယ်။

အများစုဟာ မဲဆောက်မြို့မှာ ခုနစ်ရက်နေထိုင်ခွင့်လက်မှတ် (Border Pass) စာအုပ်ထဲ ခွင့်ပြုချက်တံဆိပ်တုံး ထုခွင့်ရဖို့ မြဝတီဘက်ကိုပြန်ကြမယ့် မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဲဒီမှာစောင့်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"တံတား (၁) ပြန်ဖွင့်တော့ တစ်ပတ်တုံးထုမယ့်သူတွေ ထိုင်းဘက်မှာ ရက်လွန်ကြေးဆောင်ပြီး မြန်မာဘက်မှာ တုံးထုရတယ်။ တစ်ရက်ကျော်ရင် ဘတ်တစ်ရာ ဒဏ်ကြေးဆောင်ရတယ်၊ အရင်တံတား မပိတ်ခင်ကပေါ့။ အခုတော့ တစ်ပတ်နီးပါးပိတ်ထားတာဆိုတော့ ဘယ်လောက်ဆောင်ရမယ်တော့ မသိသေးဘူး။ တန်းစီနေရတာ နေပူထဲမှာ၊ လူ ရာနဲ့ချီစောင့်နေရတယ်"

ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီရဲ့ ခလရ (၂၇၅) တပ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီတပ်ကစစ်ကောင်စီတပ်သားတွေ မြ၀တီဘက်အခြမ်း အမှတ် (၂) တံတား ကုန်သွယ်ရေးဇုန်ထဲမှာ သွားရောက်တပ်စွဲခဲ့ကြပါတယ်။

ဧပြီလ ၁၉ ရက်နေ့ညပိုင်းမှာတော့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့ တစ်နေ့လုံး တိုက်ပွဲတွေဖြစ်ခဲ့သလို စစ်ကောင်စီက လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့တိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် မြဝတီမြို့ခံတွေ ထိုင်းဘက်အခြမ်း မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး တချို့လည်း သောင်ရင်းမြစ်ကမ်းဘေးမှာ တဲထိုးနေခဲ့ကြရပါတယ်။

ဧပြီလ ၂၁ ရက်နေ့မှာတော့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက မြဝတီမြို့ဆီပြန်ပို့ခဲ့ပြီး မြန်မာဘက်အခြမ်းက တံတားအမှတ် (၁) ကိုပါ ယာယီပိတ်ထားခဲ့တာပါ။

မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်ဖွင့်လိုက်ပေမယ့် ကုန်စည်တွေကူးသန်းဖြတ်သန်းတဲ့ တံတားအမှတ် (၂) ကတော့ ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။