တွန်းဇံမြို့နယ်က ရွာ ၅ ရွာပြောင်းရွှေ့ရေး ချင်းပြည်နယ်အစိုးရ စီစဉ်


2015.08.31
tonzan-620.jpg တွန်းဇန်မြို့နယ်မှာ ရေကြီးမြေပြိုမှုကြောင့် ပျက်စီးနေတဲ့ တံတားတစ်ခုကို တွေ့ရစဉ်
Photo: Moe Kyaw Thein Facebook

ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဟားခါးလေးကျေးရွာအပါအဝင် ရွာ ၅ ရွာဟာ နုန်းမြေတွေ နစ်မြုပ်နေတာ အပြင် မြေကွဲအက်နေတာကြောင့် လူနေထိုင်ဖို့ မသင့်တော်တဲ့အတွက် ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ လတ်တလော ပြောင်းရမယ့်ရွာတွေက ဟားခါးလေး၊ တွီးခိန်ဇန်၊ တပ်ဇန်၊ လာန်ဇန်ရွာဟောင်း၊ လာန်ဇန်ရွာသစ် တို့ဖြစ်ပြီး နောက်ထပ်ပြောင်းရမယ့် ကျေးရွာတွေလည်း ရှိတယ်လို့ ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်းပေါင်က ပြောပါတယ်။

"ဟားခါးလေး၊ တွီးခိန်ဇန်၊ တပ်ဇန်၊ လာန်ဇန်ရွာဟောင်း၊ လာန်ဇန်ရွာသစ် တပ်ဇန်ဆိုရင် ပထမဦးဆုံး မြေပြိုလို့ သင့်တော်တဲ့နေရာ သူတို့ရွှေ့ပြီးပြီ၊ လာန်ဇန်ရွာဟောင်းက တခါတည်း တံတားပါပါသွားတယ်လေ၊ လယ်လည်းပါသွားတယ်"

တွန်းဇန်မြို့နယ်မှာ ရေဘေးဒဏ်ခံရတဲ့ ဒေသခံ နှစ်ထောင်နီးပါးရှိပြီး ရေနစ်မြုပ်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၀ ကျော်ရှိသလို လယ်မြေဧက ၉၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်နေ့က သဘာဝတောင်ပေါ်ရေကန် ကျိုးပေါက်ပြီး ဟားခါးလေးကျေးရွာမှာ နုန်းတွေ စီးဝင်လာတာကြောင့် လူနေထိုင်လို့ မရတော့တာဖြစ်ပါတယ်။ ဟားခါးလေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာမှာ လတ်တလော ကယ်ဆယ်ရေးစခန်း ဖွင့်ပေးထားပြီး ပြောင်းရွှေ့နေရာချထားပေးမယ့် မြေနေရာကိုလည်း ရွေးချယ်ထားတယ်လို့ ဝန်ကြီး ဦးကျင်လျန်းပေါင် က ပြောပါတယ်။

ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်းပေါင်ကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။