ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ရသေ့တောင်မြို့မှာ ဆန္ဒပြ


2017.09.07
religious-protest-622 ရသေ့တောင်မြို့ကိုရောက်ရှိလာတဲ့ ဘာသာပေါင်းစုံအဖွဲ့ကို မြို့ခံတွေက ဆန္ဒပြကြစဉ်
Photo: Kyaw Zaw Win/RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကို ဒီနေ့ ရောက်ရှိခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ဒီအဖွဲ့လာရောက်တာကို ကန့်ကွက်တာလို့ ရသေ့တောင် မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ ဦးစိန်လှအောင်က ပြောပါတယ်။

"မြို့သူမြို့သားတွေကနေပြီးတော့ ငြိမ်းချမ်းစွာ သူတို့ရဲ့ဆန္ဒကိုဖော်ထုတ်တယ်ခင်ဗျ၊ အဲဒီဖော်ထုတ်တဲ့နေရာမှာ သံပုံးတွေ၊ ဇကောတွေနဲ့ တီးပြီးတော့ သူတို့ကိုမလာဖို့အတွက် မကြိုက်တဲ့အကြောင်းကို ဆန္ဒထုတ်ဖော်ကြတယ် ခင်ဗျ၊ အခုအချိန်အခါဆိုလို့ရှိရင် ဘင်္ဂါလီတွေက ကျနော်တို့ ရခိုင်နဲ့ မြိုတို့၊ သက်တို့၊ ဒိုင်းနက်တို့ အဲ့လိုလူတွေကို ရက်ရက်စက်စက် သူတို့က သတ်ဖြတ်နေတာကို၊ နောက်ပြီးတော့ အိမ်တွေကို မီးရှို့ကြတယ်ဆိုတော့ ကျနော်တို့ အခုလောလောဆယ်မှာ ဘယ်လိုမှဘင်္ဂါလီနဲ့ မျက်နှာချင်းဆိုင်လို့တောင် ရမယ့်အခြေအနေ မရှိဘူးခင်ဗျ"

ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့မှာ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာသာဉာဏ်၊ ဒုဥက္ကဌတွေဖြစ်ကြတဲ့ ဒေါက်တာ တင်လှနဲ့ ဦးညွန့်မောင်သျှိန် တို့အပါအဝင် အဖွဲ့ဝင်တချို့ လိုက်ပါလာခဲ့ကြတာပါ။

ဒီကနေ့ ခရီးစဉ်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုလည်း အဲဒီ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့အတူ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ဟာ ရသေ့တောင်မြို့နယ်အတွင်းမှာ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ ရတာနဲ့ ပတ်သက်ပြီး မြို့မိမြို့ဖတွေ၊ ဆရာတော်ကြီးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားခဲ့ကြရာမှာ မြို့ခံတွေက လက်မခံတာလို့ သိရပါတယ်။

အလားတူ ဘူးသီးတောင်မြို့မှာလည်း ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့နဲ့ တွေ့ဆုံနိုင်အောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆရာတော်ကြီးတွေကို ပင့်လျှောက်ခဲ့ရာမှာ လက်မခံဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ဟာ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို သွားရောက်လေ့လာနေကြ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။