မြန်မာနိုင်ငံတဝန်းမှာ သင်္ကန်းဝတ်အရေခြုံတွေရဲ့ ပြုမှုဆောင်ရွက်ချက်တွေကြောင့် ထေရဝါဒဗုဒ္ဓသာသနာ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းနေရကြောင်းနဲ့ သာသနာတော် အရှည်တည်တံ့နိုင်ဖို့အတွက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အစိုးရ၊ ပြည်သူတို့က သာသနာတော်သန့်ရှင်းရေးကို တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန် ၁၅ ရက်နေ့က သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။
အဲဒီထုတ်ပြန်ချက်မှာ ရဟန်း အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ဆရာတော်လို့ သုံးနှုန်းခေါ်ဆိုတာနဲ့ပတ်သက်ပြီး သာသနာ့ တာဝန် သာသနာပြုဂုဏ်ရည်ဆောင်ရွက်နေကြသော ဆရာတော်၊ သံဃာတော်တို့ကို ကြည်ညိုမှု၊ ရိုသေမှု၊ ဂရုဂါဝရ ထားမှုတို့အရ ဆရာတော်လို့ သုံးနှုန်းဖော်ပြထိုက်သော်လည်း သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တခြားရေးရာကိစ္စတွေကို ရှုပ်ထွေးအောင် ဆောင်ရွက်နေတဲ့ ရဟန်းပုဂ္ဂိုလ်တွေကို ဆရာတော်လို့ သုံးနှုန်းဖော်ပြတာဟာ သာသနာတော် ညှိုးနွမ်းစေတာကြောင့် ခေါ်ဆိုဖို့မထိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သာ့သနာ့ဝန်ထမ်း ရှင်ရဟန်းတွေရဲ့ တာဝန်မှာ ပရိယတ္တိ၊ပဋိပတ္တိ တို့ကိုသာ ကျင့်ကြံအားထုတ်ဖို့ မြတ်စွာ ဘုရားက သြဝါဒမိန့်ကြားထားခဲ့သော်လည်း သာသနာတော်ညှိုးနွမ်းစေသူ ၊ သံဃာ့အဖွဲ့အစည်းအသီးသီးရဲ့ သြဝါဒခံယူတာမရှိသူ၊ ဝိနည်းသိက္ခာနဲ့ ကျင့်ကြံနေထိုင်ခြင်း မရှိသူ၊နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ ဝင်ရောက်ဆောင် ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်အောင် သွေးထိုးလှုံ့ဆော်နေတဲ့သူတွေဟာ ရှင်ရဟန်း မဖြစ်ထိုက်ကြောင်း၊ သူတို့ဟာ သင်္ကန်းဝတ်အရေခြုံတွေသာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းမှာ အဲ့လို ပြုမှုဆောင်ရွက် ချက်တွေကြောင့် ထေရဝါဒဗုဒ္ဓသာသနာ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းနေရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဗဟိုရဲ့ နှစ်ပတ်လည် စုံညီသြဝါဒခံယူပွဲ မကျင်းပခင် နှစ်ရက်အလိုမှာ သာသနာရေးက အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဲဒီနှစ်ပတ်လည် စုံညီသြဝါဒခံယူပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဆရာတော် ဦးဝီရသူလည်း
တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒီသတင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။