မန္တလေးထောင်က ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျ ပြန်လွတ်
မန္တလေးမြို့၊ ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လက်ထက် မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ နှစ်ဦး ဇန်နဝါရီလ ၄ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာတယ်လို့ မန္တလေးမြို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
မန္တလေးဗဟိုအကျဉ်းထောင်က လွတ်ငြိမ်းမှာ ပါဝင်သူတွေကို ဇန်နဝါရီလ ၄ ရက် နေ့လယ်ပိုင်းက စတင်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ သူတို့နှစ်ဦး ပါဝင်လာတာလို့ မန္တလေးမြို့မှာနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
"ဒေါက်တာရဲလွင်နဲ့ ကိုကျော်ဇေယျ လွတ်တဲ့အထဲပါတယ်လို့ သိရပါတယ်။ နိုင်ကျဉ်းတွေထဲက အခြားသူတွေ လွတ်တာတော့ မကြားမိသေးဘူးဗျ"
ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်ခါနီး အချိန်မှာ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ - ၄၀၉ ထပ်မံ တရားစွဲဆိုပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အိုးဘိုထောင်တွင်း တရားရုံးကနေ ထောင် နှစ်နှစ် ထပ်မံ ချမှတ်ခဲ့တာလို့ ပြောပါတယ်။
နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။