မူးယစ်ဆေးဝါးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ဖျက်ဖို့ ဆုံးဖြတ်


2016.08.02
drugs-fire-620.jpg ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေစဉ်
Photo: RFA

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လုံလောက်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ သီးခြားဘတ်ဂျက်ရရှိရေး အတွက် ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါးကို အုပ်စုလိုက်သုံးစွဲမှုတွေ ရှိနေတဲ့အတွက် မူးယစ်ဆေးဝါး အန္တရာယ် ပညာပေးမှုတွေ၊ ပြန်လည်ပြုစုရေးစခန်းတွေ ဖွင့်လှစ်ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ် ၈ ဦး ဆွေးနွေးအပြီးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မူးယစ်တိုက်ဖျက်ရေး ဆောင် ရွက်နိုင်ဖို့အတွက် လိုအပ်တာတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"လက်ရှိအင်အားအနေဖြင့် အရာထမ်း ၁၂၈ ဦး၊ အမှုထမ်း ၉၆၁ ဦး၊ စုစုပေါင်း ၁ဝ၈၉ ဦးဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး လိုအပ်သည့်အင်အားများ တိုးမြှင့်ခန့် ထားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိပါတယ်၊ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေ နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သီးခြားဘဏ္ဍာငွေ ရရှိသုံးစွဲနိုင်ခဲ့ခြင်း မရှိတဲ့အတွက် လုပ်ငန်းများပိုမိုထိရောက်စွာ တိုးမြှင့်ဆောင် ရွက်နိုင်ဖို့အတွက် လိုအပ်သည့်ဘဏ္ဍာငွေခွဲဝေရရှိရေးကိုလည်း လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်ပြဆောင်ရွက်သွားပါမည်"

မူးယစ်ဆေးဝါးထွက်ရှိတဲ့ အရင်းအမြစ်နေရာတွေဟာ ဥပဒေလက်လှမ်းမမီတဲ့ နေရာတွေဖြစ်တဲ့အတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ သီးခြားမူးယစ်ဆေးဝါး စစ်ဆင်ရေးတွေ ဆောင်ရွက်နေကြောင်း လည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေက မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လိုကြောင်း၊ သုံးစွဲသူတွေကို အရေးယူတာထက် ပြန်လည်ထူထောင်ရေးကို ဦးစားပေးလုပ်ဖို့ လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့ ကြပါတယ်။

မူးယစ်ဆေးဝါးဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားနေတာဖြစ်တဲ့အတွက် မူလအဆိုမှာပါတဲ့ ရှမ်းပြည် နယ် မြောက်ပိုင်းအစား မြန်မာတစ်နိုင်ငံလုံးလို့ ပြင်ဆင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း က အကြံပြုခဲ့ပါတယ်။

အဲဒီအဆိုကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ပြင်ဆင်တဲ့အတိုင်း အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း က လက်ခံခဲ့ပါတယ်။

ပြင်ဆင်လိုက်တဲ့ အဆိုအရ မြန်မာတစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို ဖမ်းဆီး အရေးယူဖို့၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးတာတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေအတွက် ပြန်လည် ထူထောင်ရေးစင်တာတွေ ဖွင့်လှစ်ပေးဖို့ အဆိုကို ထောက်ခံသူဦးရေ ၂၀၀ ရှိတာကြောင့် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။