ထိုင်း-မြန်မာနယ်စပ် စစ်ပြေးဒုက္ခသည်တွေ ပိုများလာ

ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသမှာ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေ အကြား ရက်ရှည် တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေး ခိုလှုံလာကြတဲ့ ဒုက္ခသည် အရေအတွက် နှစ်ထောင်နီးပါးအထိ ရှိပြီလို့ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက RFA ကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ ပြောပါတယ်။

2010.12.06
refugee_myawaddy_mae_sot_305_z.png တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Partners Relief & Development)
(Photo: Partners Relief & Development)

တိုက်ပွဲဖြစ်နေတဲ့ ဝေါလေဒေသတဝိုက်က ဖလူး၊ မင်းလဲ့ပင် စတဲ့ ကျေးရွာတွေက ရွာသားတွေဟာ ထိုင်းနိုင်ငံနယ်စပ်က မဲခေါင်ကင်းရွာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေကြရပြီး အဲဒီ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ တထောင်ကျော် ရှိတယ်လို့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး အဖွဲ့က တာဝန်ခံ ဆရာ မန်းမန်းက RFA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်း ဘေးနားမှာပဲ နေတာ တထောင်ကျော်၊ အပြင်မှာနေတာက မဲခေါင်ကင်းရွာ ဘုန်းကြီးကျောင်း မဟုတ်ဖူးပေါ့နော်၊ တခြားရွာမှာ ပြန်နေတာကတော့ ခြောက်ရာကျော်၊ ခုနစ်ရာလောက် ပြန်ရှိတယ်။ တထောင်နီးပါး သွားရှိတယ်ပေါ့နော်၊ မဲဆောက်မြို့နယ်မှာပေါ့နော်။ ဖော့ဖရာမြို့နယ်မှာလည်းပဲ တထောင်နီးပါးရှိတယ်။ နောက် အုန်းဖန်မြို့နယ်မှာလည်းပဲ ခြောက်ရာလောက်တော့ ရှိမယ်။ အဲဒါက ထိုင်းဖက်ကို ကူးတာပေါ့။ နယ်စပ်မှာနေတာလည်း တထောင်ကျော်လောက် ရှိတယ်။ ဗမာပြည်ရဲ့ နယ်စပ်မှာပေါ့နော်၊ ထိုင်းဖက်ကမ်းကို မကူးပဲနဲ့ ဗမာပြည် နယ်စပ်လောက်မှာပဲ နေတာပေါ့နော်။”

လက်ရှိ မဲခေါင်ကင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံ အုန်းဖန်နဲ့ ဖုတ်ဖရာ မြို့နယ်တွေက ကျန်တဲ့ ဒုက္ခသည်အားလုံးကို ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ TBBC အဖွဲ့အစည်းက စားနပ်ရိက္ခာ ထောက်ပံ့ထားပြီး ယာယီခိုလှုံခွင့်ပေးဖို့ ထိုင်းအစိုးရ နဲ့UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့က ဆက်လက် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

လက်ရှိ ဒုက္ခသည်တွေကို သွားရောက် အကူအညီ ပေးနေတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့ တာဝန်ခံ ဆရာမန်းမန်းနဲ့ RFA မှ ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။