ဒုက္ခသည်နဲ့ အလုပ် သမားတွေ နေရာချထားရေး အစိုးရ စီစဉ်ထားပြီးလို့ ပြော

0:00 / 0:00

အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်း မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်တွင်းမှာ နေရာချထားပေးမှာဖြစ်သလို အလုပ်အကိုင်ရရှိဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောခဲ့ပါတယ်။

အစိုးရက စီစဉ်ဆောင်ရွက်နေတာတွေကို ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယဝန်ကြီးဦးထင်အောင်က အခုလို ပြောကြားခဲ့တာပါ။

"သီလဝါအထူးစီးပွားရေးဇုံနဲ့ ထားဝယ်အထူးစီးပွားရေးဇုံများမှာလည်း လုပ်ငန်းများ စတင်အကောင် အထည်ဖော် ဆောင်ရွက်တော့မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းအသစ်များ ရရှိဖို့ဆောင်ရွက်ပေးရေး စီစဉ်ထားပြီးဖြစ်တဲ့အပြင် ပြည်ပမှရောက်ရှိနေ တဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားများအနေနဲ့ ပြည်တွင်းကိုပြန်လည်ရောက်ရှိလာရင် ၎င်းတို့တို့ရဲ့ကျွမ်းကျင်မှှုနဲ့ လိုက်လျောညီထွေရှိတဲ့ အလုပ်အကိုင်တွေ ရရှိလုပ်ကိုင်နိုင်ဖို့ စီစဉ်ဆောင် ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်"

အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ ထိုင်းနိုင်ငံမှာ ၂ သန်းနီးပါး၊ မလေးရှားမှာ ၁ သန်းခွဲနီးပါးရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ ပြောခဲ့ ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်စခန်း ၁၂ ခုမှာ နေထိုင်နေတဲ့ ဒုက္ခသည်ဦးရေ ၂ သိန်းနီးပါး ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးတွေရဲ့ ရှင်းလင်းချက်တွေအပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့က ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတဲ့အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။