ရခိုင်ပြည်နယ်က ထွက်ပြေးပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်ခြားဇုံမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင် ၅ဝဝဝ ကျော်ကို နေရပ်ပြန်ကြဖို့ နှစ်နိုင်ငံကိုယ်စားလှယ်တွေ မနေ့က သွားရောက်ပြောဆိုရာမှာ အဲဒီ ဒုက္ခ သည်တွေက သူတို့ရဲ့လုံခြုံမှုအတွက် အာမခံချက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ နယ်ခြားအတွင်း ရောက်ရှိနေတဲ့ အဲဒီသူတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သူတို့နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုဖို့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကလည်း ဝင်ခွင့်မပေးရင် နယ်ခြားမှာပဲနေမယ်၊ ရခိုင်ပြည်နယ်ကို မပြန်ဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။
ဒီအတောအတွင်း UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ပြောခွင့်ရသူတဦးက အဲဒီသူတွေကို သူတို့ကိုယ်တိုင် ဆန္ဒရှိမှသာ မူလနေရပ် ပြန်ပို့သင့်တယ်လို့ ပြောပါတယ်။