စစ်တွေမှာ ခိုလှုံနေတဲ့ နေရပ်စွန့်ခွာသူ အများစု နေရပ်ပြန်


2017.10.20
maungtaw-refugees-sittwe-622.jpg စစ်တွေမြို့မှာ ခိုလှုံနေတဲ့ မောင်တောမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကလေးငယ်နှစ်ဦးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ အများစုဟာ နေရပ်ပြန်သွားကြပြီဖြစ်ပြီး လက်ရှိမှာ နေရပ်စွန့်ခွာ လာသူ ၁၆၀၀ လောက်ပဲ ကျန်ရှိတော့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးစအချိန်က စစ်တွေမြို့ကို လာရောက်ခိုလှုံနေသူ အရေအတွက် ၆ ထောင်ကျော် ရှိခဲ့ရာကနေ လက်ရှိအချိန်မှာ ၁၆၀၀ ဝန်းကျင်သာ ကျန်ရှိတာဖြစ်ပြီး ကျန်ရှိသူတွေထဲမှာ ဟိန္ဒူဘာသာဝင်တွေ အများဆုံးပါဝင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ် ကပြောပါတယ်။

"အရေအတွက် ဘယ်လောက်ရှိလဲဆိုတော့ ၁၆၀၀ ကျော်လောက်ကျန်သေးတယ်။ ဟိန္ဒူနဲ့ မရမကြီးက လူမျိုးက ၁၅၀၀ လောက်ကျန်တယ်။ တိုင်းရင်းသားကတော့ ၁၀၀ လောက်ပဲ ကျန်တော့တယ်။ အကုန်လုံး ကတော့ ပြန်နေကြပြီ ဟိန္ဒူတွေကတော့ သူတို့ပြန်ဖို့ အိမ်မရှိဘူးဆိုပြီးတော့ ဒီမှာနေနေကြ တာပေါ့နော်။"

နေရပ်မပြန်ဘဲ ကျန်နေသေးတဲ့သူတွေဟာ မောင်တောမြို့နယ် မြောက်ဘက်ပိုင်းမှာရှိတဲ့ တောင်ပြိုကျေး ရွာက ဒေသခံဟိန္ဒူဘာသာဝင်တွေ အများဆုံးဖြစ်ပြီး သူတို့အနေနဲ့လည်း အစိုးရဘက်ပိုင်းက နေစရာ စီစဉ်ပေးပြီးပါက နေရပ်ကိုပြန်ကြမှာဖြစ်တယ်လို့ ဦးတင်လတ် ကပြောပါတယ်။

အစိုးရအနေနဲ့ နေရပ်ပြန်သူတွေကို စက်လှေခ ၉၀၀၀ နဲ့ လူတစ်ဦးကို ငွေကျပ် နှစ်သောင်းနှုန်းထောက်ပံ့ပေးပြီး စစ်တွေမြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက်နေထိုင်နေသူတွေကိုလည်း တရက်ကို ထောက် ပံ့ကြေး ငွေကျပ် ၁၀၀၀ နေစဉ် ပေးအပ်တာတွေရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်သူတွေ များခဲ့တာကြောင့် ကယ် ဆယ်ရေးစခန်း ၃၁ ခုအထိ ဖွင့်လှစ်ခဲ့ရပြီး လက်ရှိမှာ နေရပ်ပြန်သူတွေ များသွားပြီဖြစ်တာကြောင့် ကယ်ဆယ်ရေးစခန်း ၅ ခုသာ ကျန်ရှိတော့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။