ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် ၁၁၀၀ ကျော် ပြန်လာဖို့ စာရင်းပေးထား

မြန်မာနိုင်ငံဘက်ကို ပြန်လာဖို့စာရင်းပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁၁၀၀ ကျော်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေကို အခုလ ၂၃ ရက်နေ့ကစပြီး ပြန်လည်လက်ခံနိုင်ဖို့အတွက် နာမည်စာရင်းနဲ့ ဓာတ်ပုံတွေကို စိစစ်ပြီးဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

"၁၁၀၀ ဆိုတာ မွတ်စလင်ရော ဟိန္ဒူရော ၁၁၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်၊ ရွာလုံးကျွတ်မီးလောင် ပြီး ထွက်ပြေးသွားသူတွေပေါ့ သူတို့က နာမည်စာရင်းအရ ဓါတ်ပုံအရ စစ်ပြီးပြီ သူတို့ဆီ ကနေ ဖောင်တွေ ပြန်ပို့ပေးဖို့တော့ ညှိနှိုင်းထားတာပေါ့ ၊ လောလောဆယ် မရောက်သေးဘူး၊ ပြန် လာမယ့်စာရင်းအရ အိမ်ထောင်စုစာရင်းတွေကို စိစစ်ပြီးရွေးထုတ်ထားပြီးပြီ"

ပြန်လာဖို့ စာရင်းပေးထားသူတွေထဲမှာ မွတ်စလင် ၇၀၀ ကျော်နဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ပါဝင်ပြီး သူတို့တွေ ဖြည့်စွက်ရမယ့် ပုံစံစာရွက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီ ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ အဲဒီ ဒုက္ခသည်တွေကို ဒီလ ၂၃ ရက်နေ့မှာ စတင်လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေကို ငခူရနဲ့ တောင်ပြိုလက်ဝဲ တို့မှာ ဖွင့်လှစ်ထားတဲ့ ပြန်လည် လက်ခံရေးစခန်းတွေကတဆင့် လက်ခံမှာဖြစ်ပြီး နေရပ်ပြန်မပို့နိုင်ခင်မှာ လှဖိုးခေါင်ရွာမှာ တည်ဆောက်ထားတဲ့ ကြားစခန်းမှာ ယာယီထား ရှိမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး ဒေသခံ ဟိန္ဒူဘာသာဝင် အနည်းငယ်နဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင်တွေဟာ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံနေကြတာဖြစ်ပါတယ်။