ပင်လယ်ပြင်မှာ လှေစီးဒုက္ခသည် ၂ဝဝဝ ရှိလို့ ကုလပြောကြား

မွတ်စလင်ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်းကို တွေ့ရစဉ်
မွတ်စလင်ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်းကို တွေ့ရစဉ် (Photo: RFA)

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လူမှောင်ခိုကူး သူတွေ ခေါ်ယူလာခဲ့တဲ့ ဒုက္ခသည် ၂ဝဝဝ လောက်ဟာ ဘင်္ဂလားပင်လယ်အော်အတွင်းက လှေတွေ သင်္ဘောတွေပေါ်မှာ ရှေ့မတိုးနောက်မဆုတ် သာ ဖြစ်နေကြတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် သူုတို့ကိုခေါ်ယူလာသူတွေက ပင်လယ်ထဲမှာ စွန့်ပစ်သွားကြတဲ့ အဲဒီဒုက္ခသည်တွေဟာ မူလ ရည်မှန်းချက်အတိုင်း ကပ္ပလီပင်လယ်ကို မဖြတ် သန်းနိုင်ပဲ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ပင်လယ်ထဲ မှာ မျောပါနေကြတာ ၁ လကျော်ကြာမြင့်နေပြီဖြစ်လို့ အစာရေစာပြတ်လတ်နေကြကြောင်းနဲ့ သူတို့ကို အလျှင်အမြန် ကူညီကြဖို့လိုကြောင်း ကုလသမဂ္ဂ ကပြောပါတယ်။

တပြိုင်နက်တည်းမှာပဲ မလေးရှားကလာတဲ့ သတင်းတစ်ပုဒ်အရ လူမှောင်ခိုကူးခံရတဲ့ လှေစီးဒုက္ခသည်ပြဿနာကို အဖြေရှာဖို့အတွက် မလေးရှား ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက လူမှောင်ခိုကူးမှုတွေနဲ့ ငါးခိုးဖမ်းမှုတွေကို တားဆီးရေးအတွက် သူတို့ကမ်းရိုးတန်းရေတပ်ကို အဆင့်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၆ဝ နီးပါးသုံးစွဲမယ်လို့ မနေ့ကကြေညာလိုက်ပါတယ်။