စစ်ကြောင်းထိုးလို့ ရေဦးနဲ့ ပုလဲက ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေး
2023.10.07

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားသုံးပြီး စစ်ကြောင်းထိုးနေလို့ အောက်တိုဘာလ ၇ ရက်နေ့မှာ အရပ်သားတစ်သောင်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား တစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းက အောက်တိုဘာလ ၆ ရက် မနက်ပိုင်းမှာ ရေဦးမြို့မြောက်ဘက် ဖိန်းကားရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖိန်းကားရွာက စူပါဖိုက်ဆန်စက်ကို ဝင်ပြီး ဆန်အိတ်တွေကို ရေဦးမြို့ပေါ်က သူတို့တပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံကို ယူသွားတယ်။ လောလောဆယ် ရွာကို မပြန်ရသေးတော့ ဘယ်လောက်ပါသွားသလဲဆိုတာ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ ဆန်အိတ်တွေ သယ်နေတာကိုတော့ အဝေးကနေ မြင်နေရတာပေါ့"
ဖိန်းကားရွာ အပါအဝင် အနီးတစ်ဝိုက်က ရွာသစ်ရွာ၊ နဘောင်၊ ဗိုလ်ရုံ၊ ကန်ပေါက်၊ ဖလံဂုဏ်၊ နှောကုန်း၊ ကုန်းကြီးနဲ့ မိဿာရွာစတဲ့ ရွာ ၁၆ ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ပုလဲမြို့နယ်မှာလည်း ကုန်တင်ကား ၁၈ စီးနဲ့အတူ အင်အား ၂၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုက စက်တင်ဘာ ၆ ရက်မှာ စလင်းမြို့ကနေ ဝင်ရောက်လာပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ပုလဲမြို့နယ် မင်းတိုင်ပင်ရွာ၊ လက်ပံကန်၊ သနပ်ပင်၊ ငှက်ပျော်တော၊ နောကန်၊ စပါးစေ့၊ သပြေကုန်းနဲ့ ဦးနှောက်ရွာ စတဲ့ ရွာရှစ်ရွာက အရပ်သားလေးထောင်နီးပါးထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သာယာကုန်းနဲ့ အင်ကိုင်းမှာက ပျူစောထီးတွေနဲ့ စစ်တပ်ရှိတယ်။ အဲဒီကို ရိက္ခာလာပို့တာပေါ့၊ လာတဲ့ လမ်းတစ်လျှောက်က ရွာတွေကို ဝင်ရောက်စီးနင်းတယ်။ ဖျက်ဆီးတယ်။ အရပ်သားတွေကတော့ သူတို့လာကတည်းက နေအိမ်တွေကနေ ရှောင်နေကြတာပဲ"
အခုတော့ စစ်ကြောင်းဟာ သာယာကုန်းရွာနဲ့ အင်ကိုင်းရွာမှာ နဂိုကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းမှုတွေနဲ့ပတ်သက်လို့ တိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။