တနင်္သာရီမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် လေးထောင်ကျော် တိုးလာ

RFA Burmese
2024.06.14
တနင်္သာရီမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် လေးထောင်ကျော် တိုးလာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဥ်။
Facebook/ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့၊တနင်္သာရီမြို့နယ်

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မေလအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ ဆက်ရှိနေပြီး စစ်ဘေးဒုက္ခသည် လေးထောင်ကျော် ထပ်တိုးလာတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေလမတိုင်ခင်က စစ်ဘေးဒုက္ခသည် ၅၄,၀၀၀ ခန့်ရှိခဲ့ရာကနေ လက်ရှိမှာ ၅၈,၃၀၀ အထိရှိလာတာကြောင့် တစ်လအတွင်း စစ်ဘေးဒုက္ခသည် လေးထောင်ကျော်တိုးလာတာလို့ ဆိုပါတယ်။

မေလအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စခန်းသိမ်းတိုက်ပွဲတွေ လုပ်ခဲ့သလို စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် တိုးလာတာလို့ FE5 Tanintharyi တာဝန်ရှိသူ ကိုကျော်က RFA ကို ပြောပါတယ်။

“အခုတိုက်ပွဲတွေ ပိုများလာတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေကလည်း ပြီးခဲ့တဲ့ မေလထဲမှာ တော်တော်ဖြစ်ခဲ့တယ်။ အဲဒီအခါ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပိုများတယ်။ အဲဒီအတွက် စစ်ဘေးရှောင်တွေလည်း ပိုများလာတယ်”

ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ နီးစပ်ရာ တောတောင်နဲ့ ဥယျာဉ်ခြံမြေထဲကို ထွက်ပြေးနေရပြီး မိုးရာသီဖြစ်တဲ့အတွက် အခက်အခဲတွေကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မေလအတွင်းမှာ တနင်္သာရီတိုင်း သရက်ချောင်းနဲ့ ဘုတ်ပြင်းမြို့နယ်တွေက စစ်ကောင်စီတပ်စခန်း သုံးခုအထိ သိမ်းယူနိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။