စစ်ကောင်စီတပ်ကြောင့် ဆားလင်းကြီးဒေသခံငါးထောင်နီးပါး ထွက်ပြေးရ
2023.07.25

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက် စစ်ကြောင်းထိုးလာတာကြောင့် ရွာ ၁၀ ရွာက ဒေသခံငါးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်မှာ ညောင်ပင်သာရွာက ခြေလျင်ထွက်လာတဲ့စစ်ကြောင်းဟာ မနက် ၁၁ နာရီလောက်မှာ ကျားတက်ရွာကို ဝင်ရောက်စီးနင်းထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ညောင်ပင်သာရွာနဲ့ ကျားတက်ရွာအပါအဝင် အနီးတစ်၀ိုက်ရွာတွေဖြစ်တဲ့ ဇီးချိုင်၊ ရွှေဘုံသာ၊ ပေတော၊ ရှမ်းကိုင်း (အရှေ့၊ အနောက်)၊ ကံတွင်း၊ တရား၊ သံဘိုတောင် စတဲ့ရွာတွေက ဒေသခံတွေ ချက်ချင်းဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းကြောင့် ဒီမနက် ရှောင်နေရတဲ့ ရွာတွေပေါ့နော်။ စစ်ကြောင်းနဲ့ဝေးသွားရင် အရင်ကရွာတွေကတော့ သူတို့ရွာကို ပြန်ကပ်ကြပါပြီ။ အခုက မိုးရွာလိုက်၊ နေပူလိုက်နဲ့ဆိုတော့ လမ်းတွေမကောင်းဘူး။ အခက်အခဲဖြစ်ကြတာပေါ့"
အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၂၅ ရက်နေ့ထိ ဆားလင်းကြီးမြို့နယ်ထဲမှာ နေ့စဉ်လိုလို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
စစ်ကြောင်းနဲ့ဝေးတဲ့ရွာကဒေသခံတွေ ရွာကိုပြန်ကပ်ကြပေမယ့် ချင်းတွင်းမြစ်ဘေး တစ်လျှောက်က ရွာတွေကတော့ မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။