ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ လူခြောက်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.09.01
ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ လူခြောက်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသောကြောင့် ထွက်ပြေးနေရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းကရွာတွေကို စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းနေလို့ ရွာငါးရွာက အရပ်သား ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားတစ်ရာကျော်ပါတဲ့ ခမရ (၇၀၁၊ ၇၀၂၊ ၇၀၈) စစ်ကြောင်းက ဒီနေ့မနက်ပိုင်းမှာ လောင်းရှည်ရွာကနေထွက်လာပြီး လက်ပံလှရွာကို ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က သူတို့က လောင်းရှည်မှာ ညအိပ်တယ်။ ဒီမနက် ၇ နာရီလောက်မှာ စစ်ကြောင်းက လက်ပံလှရွာထဲကို ရောက်နေပြီ။ ရွှေဘိုဘက် ဆက်သွားမယ့် သဘောရှိတယ်။ လက်ရှိတော့ အနီးအနားကရွာတွေ အကုန်ပြေးနေရတာပေါ့"

စစ်ကြောင်းဝင်လာတဲ့အတွက် လောင်းရှည်၊ လက်ပံလှ၊ လက်ပံကြီး၊ ပဒွင်း၊ ရသန်း စတဲ့ရွာတွေက ဒေသခံတွေ မိုးထဲရေထဲမှာ ထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ကတော့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ကတွေက စစ်ကြောင်းကို လောင်းရှည်နဲ့ လက်ပံလှရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းကတော့ လောင်းရှည်ရွာတောင်ဘက်က တဲတစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းနှစ်နှစ်ခွဲအတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သား သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။