ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၂၅၀၀ နီးပါး ထွက်ပြေးရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (ကိုလူချော)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းမှာ အရပ်သား ၂၅၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၃ ရက် မနက်ပိုင်းကစပြီး ဇန်နဝါရီလ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းမှာတော့ သံဘိုရွာကို ဝင်ရောက်နေတာကြောင့် သံဘိုရွာနဲ့ အနီးအနား ချောင်းဆုံရွာက ပြည်သူ ၂၅၀၀ နီးပါး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးကတော့ တောင်သူတွေ စပါးရိတ်သိမ်းပြီးချိန် ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေက စပါးတွေကို ဖျက်ဆီးမှာစိုးရိမ်နေရတယ်လို့ RFA ကိုပြောပါတယ်။

"အခုတောင်သူတွေ စိုးရိမ်နေတာက လယ်တွေက ပြီးသွားတော့ စပါးတွေလာယူမှာ ကြောက်နေကြတာ။ အခုလည်း ပုတ်(စပါးထည့်တဲ့အရာ) တွေနဲ့ ထားကြတယ်။ ရောင်းရမှာပေါ့၊ မထားရဲကြဘူး လူတွေက။ ဘာဖြစ်လို့လဲဆိုတော့ ယူသွားမှာလည်း စိုးရိမ်ကြတယ်။ စားဖို့ကတော့ ငါးဆယ်ဝင်ပုတ် (စပါးငါးဆယ်ဆန့်)၊ တစ်ရာဝင်ပုတ် (စပါးတစ်ရာဆန့်) တွေနဲ့ ထားကြတယ်။ ရောင်းကြတာတော့ တလင်းပြီးပြီးချင်း တန်းခေါ်ရောင်းလိုက်တော့တာပဲ ပွဲစားကိုလေ"

ခင်ဦးမြို့နယ်ထဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမထိုးတော့တာပါ။ လက်ရှိ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အထဲမှာပဲ ခင်ဦးမြို့နယ်ထဲကို တစ်ကျော့ပြန် စစ်ကြောင်းထိုးလာတာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းရဲ့ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေ ဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂.၆ သန်းကျော်လာပြီလို့ ဖော်ပြထားပါတယ်။