စစ်ဘေးဒုက္ခသည် တစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေ ပြန်ပို့

2022.10.04
စစ်ဘေးဒုက္ခသည် တစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေ ပြန်ပို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထိုင်းနိုင်ငံအတွင်းမှ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ်။
Photo: KHRG

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒူပလာယာခရိုင်အတွင်းက စစ်ဘေးဒုက္ခသည် ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား တစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၃၀ ရက်နေ့မှာ နယ်စပ်ကတစ်ဆင့် နေရပ်ကိုပြန်ပို့ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ဒူပလာယာခရိုင်ထဲကို စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် လေးကေ့ကော်၊ ဖလူးနဲ့ ဝေါလေဒေသက ဒေသခံတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်း ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ကို မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေမရှိတော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ချက်ချင်းပြန်ပို့ခဲ့တာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကိုပြောပါတယ်။

"ခါတိုင်းဆိုရင် ထိုင်နိုင်ငံဘက်က စစ်သားတွေတောင် ကျောင်းသားတွေကို ကူညီကြပါတယ်။ အဲနေ့ကတော့ ချက်ချင်းကြီးကို ပြန်ပို့တာပါဗျ။ အကြောင်းပြချက် ကတော့ မြန်မာဘက်ကမ်းမှာ စစ်အေးနေပြီးဆိုပြီး ပြန်ပို့ပါတယ်။ ကလေးတွေအနေနဲ့ မြန်မာဘက်ကမ်းမှာ ရှိနေသေးရင်တော့ အသက်အန္တရာယ်က စိုးရိမ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေနေတဲ့ကျောင်းက သေ့ဘောဘိုးမှာပါဗျ။ သေ့ဘောဘိုးရွာနဲ့ ကပ်ရပ် တောင်နီရွာရဲ့ လျောင်းတော်မူဘုရားကြီးမှာ စကစတွေက နေရာယူထားကြတာပါဗျ"

စစ်ဘေးဒုက္ခသည်ကို ကူညီသူတွေအနေနဲ့ အောက်တိုဘာလ ၃ ရက် မနေ့ကတော့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေကို အစားအသောက်ကူညီဖို့နဲ့ ထိုင်းနိုင်ငံဘက် ရွှေ့ပြောင်းတဲ့အခါ ရွာလူကြီးတွေ၊ ခရိုင်လူကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေးလို့ ရအောင် ချိတ်ဆက်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေရဲ့ ပြောဆိုမှုအရ ကရင်ပြည်နယ်၊ ဒူပလာယာခရိုင်၊ ဥကရစ်ထ၊ ရွှေမြိုင်၊ လေးကေ့ကော်၊ ဖလူးနဲ့ ဝေါလေဒေသက တိုက်ပွဲတွေ ကြောင့် သောင်ရင်းမြစ်ဘေးမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် ရှိနေပါတယ်။

အောက်တိုဘာ ၃ ရက် မနေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူပလာယာခရိုင်ထဲက တောင်နီးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။