ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-North) တပ်တွေကြား စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့နယ် အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်အားလုံး သူတို့နေရပ်ကို ပြန်လည်ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။
စစ်ပြေးဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲ့ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးစိုင်းလှရွှေက RFAကို အခုလို ပြောပါတယ်။
"စခန်းကို ဦးသိန်းဇော်လာတယ်၊ ဆွေးနွေးပွဲလည်းလုပ်ပြီးပြီ၊ ငြိမ်းငြိမ်းချမ်းချမ်းလည်း ဖြစ်သွားပြီ၊ ပြန်လို့ရပြီဆိုတာကို ပြောပြတယ်၊ စစ်မတိုက်တော့ဘူးဆိုတဲ့အကြောင်း လူကြီးတွေလည်းပြောပြတယ်၊ အဲတုန်းက ရပ်ကွက်ထဲရော မြို့ပေါ်ကစခန်းမှာနေတဲ့သူရော ၇၀၀ လောက်ရှိတယ်"
အခုလို တန့်ယန်းဒုက္ခသည်တွေ သူတို့နေရပ်ပြန်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က စီစဉ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းကိုလည်း ပိတ်လိုက်ပြီဖြစ်ပါတယ်။
အဲဒီစခန်းမှာ ဒုက္ခသည် ၇၀၀ ကျော်ရှိပြီး အာဏာပိုင်တွေရဲ့စီစဉ်ပေးမှုတွေနဲ့ပဲ ဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။