တံတားနီ အရေးအခင်း နှစ်ပတ်လည်နေ့ ကျင်းပ
ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၅ နှစ်မြောက် နှစ် ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက အင်း လျားကန်ဘောင်မှာ ကျင်းပခဲ့ပြီး လူဦးရေ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
-
2013-03-16 -
-
-
ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ညနေပိုင်းက အင်းလျားကန်ဘောင်မှာ ကျင်းပခဲ့ပြီး လူဦးရေ ၂၀၀ လောက် တက်ရာက်ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာရှိတဲ့ အင်းလျားကန်ဘောင်က တံတားဖြူမှာ ရန်ကုန်တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ စုဝေးကြပြီး အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ လက်ရှိ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းဇေယျက ယနေ့အချိန်ထိ မျက်စိထဲမှာ ပြန်မြင်ယောင်နေဆဲလို့ အခုလို ပြောပြပါတယ်။
“အင်းလျားကန်စပ်ကနေပြီးတော့ ကတ္တရာလမ်းပေါ်မှာရှိတဲ့ ကျောင်းသားတွေကို ဝင်ရိုက်တာပေါ့ဗျာ၊ ဝင်ရိုက်တော့ အားလုံးက ဝရုန်းသုန်းကားနဲ့ ပြေးကြလွှားကြပေါ့၊ ကျောင်းသူတွေဆိုရင် တကယ့်ကို ရမ်းရမ်းကားကားနဲ့ ဆံပင်ဆောင့်ဆွဲ၊ ကားပေါ်ပစ်တင်၊ လက်မိလက်ဆွဲ၊ ရင်ဘတ်ထိ ရင်ဘတ်ဆွဲ၊ အင်္ကျ ီမိအင်္ကျ ီဆွဲပေါ့ဗျာ၊ အဲဒါမျိုးတွေ တကယ့်ကိုကသောင်းကနင်းနဲ့ လုံထိန်းတွေရဲ့ ရမ်းရမ်းကားကား ဖမ်းဆီးခေါ်ဆောင်မှုတွေခံခဲ့ရတယ်၊ အဲဒီ့မှာဖိနပ်တွေ ကျွတ်ကျန်ခဲ့၊ လုံချည်တွေ ကျွတ်ကျန်ခဲ့၊ အဖြစ်အပျက်ကတော နှစ်နာရီ သုံးနာရီလောက်ပဲ ကြာတယ်ဆိုပေမယ့်လဲ ကျနော်တို့မျက်စိရှေ့မှာကတော့ အခုထက်ထိ မဖျောက်နိုင်ဘူးပေါ့ဗျာ”
သမိုင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ၊ သမိုင်းဖြစ်ရပ်မှန်တွေကို အခုခေတ်လူငယ်တွေကိုလည်း အသိပေးလိုတဲ့အတွက် ဒီကနေ့အခမ်းအနားကို ကျင်းပရတာဖြစ်တယ်လို့ ကိုမင်းဇေယျက ပြောပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်မှာ ဒီလိုအခမ်းအနားမျိုးတွေကို လုပ်ခွင့်ရလာခဲ့တဲ့အတွက် ဝမ်းသာကြောင်းနဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့အခြေအနေမျိုး ပြန်မရောက်ဖို့အတွက် လူငယ်မျိုးဆက်တွေက နမူနာယူကြဖို့ လိုအပ်ကြောင်းကိုလည်း ပြောပါတယ်။
ဒီကနေ့ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ၁၆၅ လမ်းမှာရှိတဲ့ အမှတ် ၁၄၁ ရုံးခန်းမှာလည်း ကျင်းပခဲ့ပါတယ်။