မြိတ်မှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူငါးဦး PDF ထံ ထွက်ပြေးခိုလှုံ
2024.10.16

တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ တပ်သားသစ်ငါးဦးဟာ မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဆီကို ထွက်ပြေးခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့မှာ မြိတ်မြို့ ခလရ - ၁၀၃ မှာ ရောက်နေတဲ့ စစ်မှုထမ်းသင်တန်း ဆင်းထားသူသုံးဦးနဲ့ မြိတ်မြို့က တပ်သားသစ် စုဆောင်းခံထားရသူတစ်ဦးတို့ ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံခဲ့ပါတယ်။
သူတို့ဟာ စစ်မှုထမ်းဖို့ မဲပေါက်တာကြောင့် စစ်သင်တန်း တက်ခဲ့ရသူတွေဖြစ်ပြီး မြိတ်၊ တောင်ကြီးနဲ့ ဓနုဖြူမြို့နယ်က လူငယ်တွေ ဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“သူတို့က ဧရာဝတီတို့ဘက်က စစ်မှုထမ်း စုစည်းခံရတာလို့ သိရတယ်။ တပ်ကနေပြီးတော့ သူတို့ ထွက်လာပြီး လမ်းခုလတ်မှာ ကျွန်တော်တို့နဲ့ ချိတ်ဆက်ရပြီးတော့ ကျွန်တော်တို့တပ်ရင်းကို ပို့လိုက်တာ။ အောက်တိုဘာ ၁၃ ရက်နေ့လောက်က ခိုလှုံဖို့အတွက် သူတို့က တပ်ကနေ ထွက်ပြေးလာပြီးတော့ ကြားကနေ ကျွန်တော်တို့နဲ့ အချိတ်အဆက် ရှိတဲ့သူကနေတစ်ဆင့် ကျွန်တော်တို့ဆီ ချိတ်ဆက်လာတာ”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ခလရ - ၁၀၃ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအမှတ်စဥ် (၁) သင်တန်းဆင်း တပ်သားတစ်ဦးဟာ လက်နက်နဲ့တကွ ထွက်ပြေးခိုလှုံလာတာလည်း ရှိတာကြောင့် စုစုပေါင်း ငါးဦးအထိ ရှိလာတာလို့ သူက ပြောပါတယ်။
အဲဒီတပ်သားကတော့ မြိတ်ဒေသခံဖြစ်ပြီး သူနဲ့အတူ MA 2 သေနတ်တစ်လက်၊ လက်ပစ်ဗုံးနှစ်လုံးနဲ့ ကျည်ဆံနှစ်ရာနီးပါး ပါလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပေဒကို အသက်သွင်းလိုက်တဲ့နောက် စစ်မှုထမ်းဖို့အတွက် စာရင်းကောက်တာ၊ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာနဲ့ အုပ်ချုပ်ရေး အာဏာပိုင်းတွေက ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူတွေက ပြောပါတယ်။