တိကျတဲ့သတင်းပေးရင် အိန္ဒိယ သူပုန်ကိစ္စ ကူညီမယ်လို့ မြန်မာ ဝန်ကြီး ကတိပြု
2014.08.24

အိန္ဒိယဘက်က သတင်းအချက် အလက်တွေပေးရင် နယ်စပ်သူပုန် အဖွဲ့တွေကို တိုက်ထုတ်ရေးကိစ္စ ကူညီဆောင်ရွက်နိုင် မှာဖြစ်ကြောင်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း အိန္ဒိယ PTI သတင်း က ဖေါ်ပြပါတယ်။
အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံ၊ မဏိပူရ စတဲ့ နယ်စပ်ဒေသတွေက ULFA အာသံသူပုန်အဖွဲ့ ၊ NSCN-K နာဂသူပုန်အဖွဲ့နဲ့ PLA၊ PREPAK စတဲ့ တခြား ခွဲထွက်ရေး လူမျိုးစုသူပုန်တွေဟာ မြန်မာနိုင်ငံ ဘက်ခြမ်းကို ဝင်ရောက်ခိုအောင်းနေကြတဲ့အပြင် ၊ လေ့ကျင့်ရေးစခန်းတွေ ဖွင့်ထားကြတယ်လို့ အိန္ဒိယဘက်က ပြောဆိုပြီး၊ အဲဒီသူပုန်တွေကို လက်ခံမထားဘဲ၊ မောင်းထုတ်ပေးဖို့ အိန္ဒိယအစိုးရ အဆက်ဆက်က တောင်းဆိုခဲ့ကြပါတယ်။
မကြာခင်က နေပြည်တော်မှာကျင်းပခဲ့တဲ့ အာဆီယံညီလာခံကိုတက်ရောက်ခဲ့သူ အိန္ဒိယအစိုးရသစ် ရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံစဉ် အတွင်း နယ်ခြားသူပုန်ကိစ္စ ဆွေးနွေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို PTI သတင်းက မေးမြန်းခဲ့ရာမှာ မြန်မာ့နယ်မြေကို အသုံးချပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဘယ်အကြမ်းဖက် အဖွဲ့အစည်းကိုမှ လက်ခံမှာ မဟုတ်ကြောင်း၊ တကယ်လို့ မြန်မာ့မြေပေါ်မှာ အဲဒီလိုအဖွဲ့တွေ ရှိနေမယ်ဆိုရင် အိန္ဒိယ အစိုးရနဲ့အတူ အပြည့်အဝ ပူးပေါင်းတိုက်ထုတ်မှာဖြစ်ကြောင်း၊ အိန္ဒိယဘက်ကသာ အဲဒီသူပုန်အဖွဲ့တွေရဲ့ တည်နေရာ၊ လေ့ကျင့်ရေး စခန်းတွေ စတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အတိအကျ ပေးမယ်ဆိုရင် မြန်မာဘက်က အရေးယူဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။
ဒါ့ပြင် အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ဒေသဟာ တောတောင်ထူထပ်ကြောင်း၊ မကြာခင်လပိုင်းတွေက အိန္ဒိယနယ်စပ်တလျှောက်မှာ တရားမဝင် လက်နက်တွေဖမ်းဆီးမိခဲ့ကြောင်း၊ ဒီပြဿနာဖြေရှင်းဖို့ နှစ်နိုင်ငံ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ဖို့က အသင့်ရှိကြောင်းလည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာ့နယ်နိမိတ်အတွင်း ဝင်ရောက်ပြီး သူပုန်စခန်းတွေကို စီးနင်းတိုက်ခိုက်ခွင့်ပြုနိုင် မပြုနိုင်မေးမြန်းတဲ့အခါ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအရ အဲဒီလိုလုပ်ရပ်မျိုးခွင့်ပြုမထားကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့တယ်လို့ PTI သတင်းက ဖေါ်ပြပါတယ်။