ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ RCSS ဆုံးဖြတ်

အစိုးရရဲ့ ကမ်းလှမ်းထားချက်အတိုင်း လာမယ့် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ(RCSS/ SSA) ဥက္ကဋ္ဌ ဦးယွက်စစ်တို့ ဇွန်လ ၁ဝ ရက်နေ့ က နေပြည်တော်မှာတွေ့ဆုံစဉ် photo: President office website

အစိုးရရဲ့ ကမ်းလှမ်းထားချက်အတိုင်းလာ မယ့် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

လက်မှတ်ထိုးဖို့အတွက် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းအမျိုးသားနေ့မှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ RCSS အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်း က RFA ကို ပြောဆိုပါတယ်။

"ပြည်ထောင်စုနေ့သွားဖို့တော့ ဆုံးဖြတ်ချက်ချလိုက် ပါပြီ၊ နောက်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နားလည်မှုစာချွန်လွှာ စာချုပ်မှာ လက်မှတ်ထိုးဖို့ အဲဒီ့အချက်အလက်တွေပါ အတိုင်းဆိုရင်တော့ ထိုးဖို့များပါတယ် ဆိုတဲ့အကြောင်း၊ ထိုးဖြစ်မယ် ဆိုတဲ့အကြောင်း လက်ခံမယ်ဆိုတဲ့အကြောင်း"

လက်မှတ်ထိုးဖို့ RCSS အဖွဲ့ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ကိုယ်တိုင် တက်ရောက် မလားဆိုတာ အတိအကျ မသိရသေးပေမဲ့၊ ထိပ်ပိုင်းကိုယ်စားလှယ်တွေ သွားရောက်မှာ ဖြစ်တယ်လို့ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကတော့ နေပြည်တော်မှာ ဆွေးနွေးပြီးမှ လက်မှတ်ထိုးမထိုး ဆုံးဖြတ်ကြမယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို အဖွဲ့ဝင်တစ်ဖွဲ့စီအနေနဲ့ အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး၊ UNFC ကိုယ်စားပြု ကိုယ်စားလှယ်တစ် ဦး၊ ပေါင်း ကိုယ်စားလှယ်နှစ်ဦးစီ တက်ရောက်ကြမယ်လို့သိရပါတယ်။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ဝန်ကြီး ဦးအောင်မင်း ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှှုစာချူပ် လက်မှတ်ထိုး ဖို့ကိုတော့ နေပြည်တော်မှာ ဆုံးဖြတ်ကြ မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC အဖွဲ့ဝင်လည်းဖြစ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး တာ့အိုက်ပုန်း က UNFC အစည်း အဝေး ဆုံးဖြတ်ချက်တွေကို အခုလို ပြောဆိုပါတယ်။

"ဦးအောင်မင်းတို့ဖက်ကလဲ ငြိမ်းချမ်းရေးစာချုပ်ထိုးဖို့ စာတမ်းတစ်ခုပြင်ထားတာ ရှိတယ်လေ၊ UNFC ဖက်ကလဲ သမ္မတဦးသိန်းစိန်ကိုပို့ထားတဲ့ ဟာပေါ်မှာအခြေခံပြီးတော့ လာမယ့် ၁၂ ရက်နေ့ပြည်ထောင်စုနေ့ ကို သဘောတူညီချက်လက်မှတ်ရေးထိုး ဖို့အတွက်တစ်စောင်၊ အဲ့ပေါ်မှာ ကျနော်တို့ သုံးသပ်ဆွေးနွေးတယ်၊ အဖွဲ့တွေကိုလဲ အားလုံးလိုလိုဖိတ်ထားတယ်လေ၊ အဲ့ဒီအဖွဲ့တွေကလဲ သူတို့သွားမယ်၊ လက်မှတ်ထိုးဖို့ ကတော့ သူတို့ဟိုရောက်မှညှိနှိုင်းမှာပေါ့၊ နှစ်ဖက်ကဘယ်လိုညှိနှိုင်းမလဲပေါ်မှာမူတည် တယ်၊ UNFC ဖက်ကတော့ ကျနော်တင်ထားတဲ့စာအပေါ်မှာပဲ ကျနော်တို့ဆွေးနွေးမယ်၊ အဲ့ဒီအပေါ်မှာ အစိုးရက သဘောတူတယ်ဆိုရင်တော့ လက်မှတ်ထိုးဖြစ်တာပေါ့၊  "

ပြည်ထောင်စုနေ့မှာ သဘောတူ လက်မှတ်ထိုးဖို့ အစိုးရက ကမ်းလှမ်းထားတဲ့ အချက်တွေကတော့ ဖက်ဒ ရယ်ပြည်ထောင်စုနိုင်ငံကို ပူးပေါင်း တည်ဆောက် သွားဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်သွား ဖို့၊ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကို ပူးပေါင်းရေးဆွဲသွားဖို့တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို မကြာခင်မှာ အတူတကွ လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမည် ဆိုတာတွေပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org