ငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်ရဲ့ သဘောထား အဓိကဖြစ်တယ်လို့ SSA ပြော
2013.06.12

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ အကောင်ထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ အောင်မြင်ဖို့အတွက်ဆိုရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအပေါ်ထားရှိတဲ့ တပ်မတော်ရဲ့ သဘောထားကြီးမှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ RCSS/ SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ နှစ်ပေါင်း ၅ဝ နီးပါးကာလ အတွင်း သမိုင်းဝင်တွေ့ဆုံမှုအဖြစ် ရှမ်းတိုင်းရင်း သား ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့ညဘက်က ချတ်ထရီယံဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ဆက်လက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တပ်မတော်ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ RFA က မေးမြန်းတာကို အခုလို ဖြေကြားခဲ့တာပါ။
RCSS အနေနဲ့ အစိုးရနဲ့ အပစ်ခတ်ရပ်စဲပြီးဖြစ်ပေမဲ့ အပစ်အခတ်ရပ်စဲပြီး ကာလနောက်ပိုင်း တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့တာဟာ မြန်မာစစ်တပ်က စတင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် RCSS အနေနဲ့ ခုလို မြန်မာစစ်တပ်နဲ့ ထိပ်တိုက်တွေ့တာတွေ ရှိနေပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်မှာဖြစ်တဲ့ သမ္မတရုံးဝန် ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေ နေရာချထားရေးကိစ္စကိုဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
RCSS ဥက္ကဌ ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေထင် ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ဦးဟန်ညောင်ဝေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီလို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု အကြောင်းကိုတော့ အသေးစိတ်ပြောဆိုခဲ့ခြင်းမရှိပါဘူး။