နမ်းဟူးကျေးရွာ ပဋိပက္ခမှာ ဒဏ်ရာရတဲ့ RCSS တပ်ဖွဲ့ဝင် သေဆုံး

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ်းဟူးကျေးရွာမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က RCSS နဲ့ ဒေသခံ ပအိုဝ်းရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့အခုတ်ခံရတဲ့ RCSS တပ်ဖွဲ့ဝင်တစ်ဦးဟာ ဆေးရုံမှာဆေးကုသနေရင်း မနေ့က သေဆုံးသွားတယ်လို့ RCSS တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ်းဟူးကျေးရွာမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က RCSS နဲ့ ဒေသခံ ပအိုဝ်းရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့အခုတ်ခံရတဲ့ RCSS တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် Photo: Tai Freedom

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ်းဟူးကျေးရွာမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က RCSS နဲ့ ဒေသခံ ပအိုဝ်း ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့အခုတ်ခံရတဲ့ RCSS တပ်ဖွဲ့ဝင်တစ်ဦးဟာ ဆေးရုံမှာဆေးကုသနေရင်း မနေ့က သေဆုံးသွားတယ်လို့ RCSS တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ရွာသားတွေနဲ့ပြဿနာဖြစ်ပွားပြီး ရရှိခဲ့တဲ့ ဓားဒဏ်ရာဟာပြင်းထန်တာကြောင့် တောင်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရာမှာ မနေ့က သေဆုံးသွားတာလို့ တောင်ကြီးမြို့မှာရှိတဲ့ RCSS တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က နမ်းဟူးကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံရွာသား ၃ ဦးကို RCSS အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ ပဋိပက္ခဖြစ်ပြီး RCSS တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ရွာသား ၅ ဦးလည်း သေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရှိခဲ့တာလို့ သိရပါတယ်။

RCSS အဖွဲ့က ပစ်ခတ်မှုကြောင့် နမ်းဟူးရွာသားတွေ သေဆုံးပြီး ဒဏ်ရာရရှိခဲ့တာကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပြီး အစိုးရက အရေးယူပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၂၃ ဖွဲ့ စုပေါင်းပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS ဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင် ၉ ဦးလောက်က ရွာအတွင်း လှုပ်ရှားသွားလာစဉ်မှာ ရွာအတွင်းက လူအယောက် ၂၀ လောက်က တုတ်၊ ဓားတွေနဲ့ ဝိုင်းတိုက်ခိုက်ခဲ့တာကို ပြန်လည်ခုခံတဲ့အနေနဲ့ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ်ပြီး ရွာသားတွေ သေဆုံးခဲ့ရတာကို စိတ်မကောင်းဖြစ်ရကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးက RFA ကို ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org