ရှားပါး ပန်ဒါဝက်ဝံ အနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ


2014.10.27
red-panda-305.jpg မြန်မာ၊ နီပေါနဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းတွင်သာတွေ့ရတဲ့ ရှားပါး ပင်ဒါဝက်ဝံအနီများကို တွေ့ရစဉ်
Photo: Richard Limon

ပန်ဒါ ဝက်ဝံတွေကို နိုင်ငံတကာက ချစ်ခင်ပြီး၊ စိတ်ဝင်စားနေကြရာမှာ၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ရှားပါး ပန်ဒါအနီတွေကို တွေ့ရှိ ခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

FFI ခေါ် နိုင်ငံတကာ အပင်နဲ့သတ္တဝါများအဖွဲ့က ကချင်ပြည်နယ် အရှေ့မြောက်ဖျား အင်မော်ဘွန် တောင် တန်းဒေသက တောအုပ်ထဲမှာ ပန်ဒါ ဝက်ဝံအနီ ၂ ကောင်ကို တွေ့ရှိခဲ့တာပါ။

FFI အဖွဲ့ရဲ့ ဇီဝဗေဒ ပညာရှင် ဦးစောစိုးအောင်က အဲ့ဒီ ပန်ဒါ ဝက်ဝံ အနီ နှစ်ကောင်တွေ့ရှိခဲ့ပြီး၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှားပါး ပန်ဒါ ဝက်ဝံ အနီတွေရှိနေကြောင်း ပထမဆုံး သက်သေခံ ဗီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီ ပန်ဒါတွေကို တွေ့ခဲ့ရတဲ့နေရာဟာ တရုတ် သစ်ကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်းလာရောက်ပြီး သစ်တွေခုတ်၊ တောကောင်တွေကို အမဲလိုက်နေတဲ့ ပျက်စီးပျက်သုဉ်းနေတဲ့ သစ်တောတစ်ခုမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဦးစောစိုးအောင်က ဒီပန်ဒါတွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ခံစားချက်နှစ်မျိုး တပြိုင်နက်ဖြစ် သွားခဲ့ပါတယ်၊ တစ်မျိုးက ရှားပါး ပန်ဒါအနီတွေ တွေ့လိုက်ရပြီး၊ ဗီဒီယိုမှတ်တမ်းတင်ခဲ့နိုင်လို့ ပျော်ရွှင်ရတဲ့ ခံစားမှုဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ သူတို့ကျက်စားရနေရာဒေသရဲ့အခြေအနေတွေ ပျက်စီးနေတာ၊ သူတို့ ဆက်လက်ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတာတွေ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲရတဲ့ ခံစားမှုပဲဖြစ်ပါတယ်လို့ ပြောဆိုခဲ့ကြောင်း PHYS ခေါ် သိပ္ပံ၊ နည်းပညာနဲ့ သုတေသန အင်တာနက် စာမျက်နှာ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။