ဒိန်ဆင်းပါရွာက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း KIO ပိတ်သိမ်း
2023.04.16

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ဒိန်ဆင်းပါရွာက မြေရှားသတ္တု တူးဖော်မယ့်လုပ်ငန်းကို ဧပြီ ၁၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဘက်က ပိတ်သိမ်းလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေရှားသတ္တုတူးဖော်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတစ်ထောင်ကျော်က မိုင်ဂျာယန်မြို့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ သွားရောက်တွေ့ဆုံပြီးနောက် ပိတ်သိမ်းလိုက်တာလို့ အင်ဘာပါရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပိတ်လိုက်ပြီ၊ ရပ်လိုက်တာဟုတ်တယ်။ အဲဒီနေ့က KIO ဘက်က ခေါင်းဆောင်ပိုင်း တွေနဲ့ မြေရှားသတ္တု ကန့်ကွက်ရေး ကော်မတီကသူတွေ ဆွေးနွေးပြီးတော့ အင်ဘာပါ ဘက်ခြမ်းကို မြေရှားသတ္တုတူးဖော် တာ ရပ်နားလိုက်ပြီလို့ ကြေညာတာပဲ၊ အခုလို ပိတ်သိမ်းပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်"
ဒိန်ဆင်းပါရွာမှာ မြေရှားသတ္တုတူးဖော်မယ့် စီမံကိန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ယူစတင်ခဲ့တာဖြစ်ပြီး ဒေသခံတွေဘက်ကတော့ သတ္တုတူးဖော်မယ့် စီမံကိန်းကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIO မှာ သဘာဝ သယံဇာတနဲ့ ပတ်သက်ရင် တိကျတဲ့မူဝါဒတွေရှိသလို ဒေသခံတွေ သဘောမတူတဲ့ ဘယ်စီမံကိန်းကိုမှ မလုပ်ဆောင်ဘူးလို့ အခုနှစ် မတ်လအတွင်းက RFA ကို ဖြေကြားထား ပါတယ်။