၅ ရက်ကြာ ရခိုင်ညီလာခံ မူဝါဒ ၁၆ ချက် ချမှတ်


2014.05.02
rakhine-conference-305 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံ ၄ ရက်မြောက်နေ့ကို မြင်ရစဉ်
photo: Min Thein Aung/RFA

ရခိုင်အမျိုးသားညီလာခံကနေ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒ ၁၆ ချက် အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေက ကျောက်ဖြူမြို့မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါ တယ်။

မူဝါဒ ၁၆ချက်ဟာ ပြည်တွင်း၊ ပြည်ပက ရခိုင်တစ်မျိုး သားလုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်၊ ရခိုင် အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျမတို့ ကျောက်ဖြူမှာဆိုလို့ရှိရင် သယံဇာတပေါ ကြွယ်ဝတယ်၊ သယံဇာတတွေ့တဲ့ အနေအထားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ကျမတို့ ဒီညီလာခံက ချမှတ်နိုင်ခဲ့ပါတယ်၊ အဲဒီမူဝါဒတွေကို ကျမတို့ ရခိုင်အမျိုးသားတို့ရဲ့ စုပေါင်းညီညွှတ်မှု နဲ့အညီ ၅ ရက်တိုင်တိုင်ကျင်းပခဲ့တဲ့ ဒီညီလာခံက အောင်မြင်စွာချမှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်"

အဲဒီမူဝါဒ ၁၆ ချက်မှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ကာကွယ်ရေး အတွက် ပြည် နယ်အစိုးရက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့်၊ တရားဥပဒေစိုးမိုးရေး၊ ပြည်နယ် နဲ့ ပြည်ထောင်စု သဘာဝသယံဇာတ ခွဲဝေသုံးစွဲရေး၊ ရခိုင်ပြည်နယ် အခြေစိုက် NGO, INGO တွေအနေနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အမျိုးဘာသာကိုမထိခိုက်ဘဲ လုပ်ဆောင်ရေး စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားညီလာခံကနေ ချမှတ်အတည်ပြုလိုက်တဲ့ မူဝါဒတွေကို ကော်မတီဖွဲ့စည်းပြီး သက်ဆိုင်ရာကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ညီလာခံဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံဟာ ဧပြီလ ၂၇ ရက် နေ့ကနေ မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ကျောက်ဖြူမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ရခိုင်ပြည်နယ်လုံခြုံရေးအတွက် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြောဆိုနေတဲ့ ရခိုင်တပ်မတော်  (AA) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့က တာဝန်ယူပေးဖို့ ကျင်းပပြီးစီးသွားတဲ့ ရခိုင်အမျိုးသားညီလာခံ မှာ ပြည်သူတွေကတင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရခိုင်တပ်တော် (AA) က ဗိုလ်မှူးကြီးကျော်ဟန်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဒီအတောအတွင်း ECC လို့ခေါ်တဲ့ ပြည်နယ်အဆင့် အရေးပေါ် ပေါင်းစပ်ညှိနိုင်းရေးအဖွဲ့ဟာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ရော INGOs အဖွဲ့တွေအပြင် စစ်တွေမြို့ရပ်မိရပ်ဖတွေနဲ့ပါ ဒီကနေ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုဆိုင်ရာကူုညီရေး လုပ်ငန်းတွေ ပြန်စနိုင်ဖို့အတွက် ပထမဆုံးအကြိမ် စုံညီဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကနေ ဘယ်လိုသဘောတူညီချက်တွေရခဲ့သလဲဆိုတာ ECC အဖွဲ့ ဒုတိယဥက္ကဌ လည်းဖြစ်၊ နယ်စပ်ရေး ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဗိုလ်ချုပ်မောင်မောင်အုန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းတင်ပြထားတာ ကိုလည်းနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။