ကျိုင်းတုံသွားတဲ့ ရခိုင်တိုင်းရင်းသားတွေ တားမြစ်ခံရ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကိုသွားမယ့် ရခိုင်တိုင်းရင်းသား ၅၁ ယောက်ကို ကွန်ဟိန်းမြို့နယ်၊ သံလွင်ကူးတို့ ရဲကင်းစခန်းက မှတ်ပုံတင်တွေသိမ်းယူပြီး ခရီးသွားခွင့်တားမြစ်လိုက်ပါတယ်။
-
2018-08-26 -
-
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကိုသွားမယ့် ရခိုင်တိုင်းရင်းသား ၅၁ ယောက်ကို ကွန်ဟိန်းမြို့နယ်၊ သံလွင်ကူးတို့ ရဲကင်းစခန်းက မှတ်ပုံတင်တွေသိမ်းယူပြီး ခရီးသွားခွင့်တားမြစ်လိုက်ပါတယ်။
နိုင်ငံသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေဖြစ်ပြီး နိုင်ငံတွင်းမှာ လွတ်လပ်စွာသွားလာခွင့်မရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသား ကိုမောင်မောင်သန်းက ပြောပါတယ်။
"ကျနော်တို့က မရှိဆင်းရဲလို့ ဒီမှာအလုပ်လာလုပ်တာလို့၊ ကျိုင်းတုံကနေပြီးတော့ မိုင်းလားတို့ဘာတို့ ခြံတွေ မှာပေါ့၊ အဲမှာသွားလုပ်တာလို့၊ ပိုက်ဆံကွက်တိယူလာတာလို့၊ နောက်ကြောင်းပြန်လှည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ အဆင်မပြေဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ကို လမ်းစရိတ်လေးဘာလေး နည်းနည်းလုပ်ပေးဦး ဆိုတော့ သူတို့က ပြောတယ်၊ ငါတို့လုပ်ပိုင်ခွင့်နဲ့ ငါတို့ လုပ်ချင်လို့ လုပ်တာမဟုတ်ဘူးတဲ့၊ စရဖက နေပြီးတော့ ငါတို့ကို တားခိုင်းလို့ ငါတို့က တားရတာတဲ့၊ မင်းတို့တောင်းချင်ရင် စရဖဆီကို သွားတောင်းလိုက်တဲ့၊ ကျနော်တို့က နိုင်ငံသားကတ်ပြားပါရဲ့သားနဲ့ ကိုယ့်နိုင်ငံမှာ လွတ်လပ်စွာသွားခွင့် မရှိဘူးဆိုတော့ ကျနော်တို့ကို ဘယ်လို အကြောင်းပြချက်နဲ့ ရခိုင်တစ်ခုတည်းကိုပဲ အဲဒီတံတားကို မသွားရတာဆိုတာကိုပဲ သိချင်တာပါ"
ရှမ်းပြည်နယ်အတွင်းမှာ အဲဒီလိုသွားလာခွင့် ကန့်သတ်ထားတာမရှိကြောင်းနဲ့ အခုဖြစ်ပွားတဲ့ ရခိုင်တိုင်းရင်းသားတွေ ကိစ္စကို မသိသေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးထင်ကျော်အေး က ပြောပါတယ်။
"မရှိပါဘူး၊ ကန့်သတ်ထားတာတော့ မရှိပါဘူး၊ ပြန်လွှတ်တယ်ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ မသိဘူး၊ ကျနော်က ခရီးသွားနေတာ ခုမှပြန်ရောက်တာ"
သြဂုတ်လ ၂၄ ရက်နေ့က တောင်ကြီးမြို့ကနေ ကျိုင်းတုံကိုသွားဖို့ ထွက်ခွာလာတဲ့ ကားတွေကို သံလွင်ကူးတို့ ရဲကင်းစခန်းက စစ်ဆေးတဲ့အခါ ခရီးသည်တင်ကား ၇ စီးမှာ လိုက်ပါလာတဲ့ ရခိုင်တိုင်းရင်းသား ၅၁ ယောက်ကို ဆင်းနေခိုင်းပြီး ကျန်တဲ့ခရီးသည်တွေကိုတော့ ဆက်သွားခွင့်ပြုခဲ့တယ်လို့ ကိုမောင်မောင်သန်းက ပြောပါတယ်။
၅၁ ယောက်ထဲက ၂၉ ယောက်ဟာ မှတ်ပုံတင်တွေ ပြန်မယူတော့ဘဲ တောင်ကြီးမြို့ကို လမ်းလျှောက်ပြန်လာကြ တယ်လို့လည်း ဆိုပါတယ်။
တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော စတဲ့မြို့နယ်တွေ ကနေ ကျိုင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ ခြံလုပ်ငန်းနဲ့ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါ့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးညွန့်လွင်က သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။