ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို မြို့နယ်အုပ်ချုပ်ရေး မှူးတွေက နေရပ်ကိုပြန်ကြဖို့ တိုက်တွန်းနေကြောင်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီး မထားချင်တာကြောင့် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ ရက်ပိုင်းကနေ နေရပ်ပြန်ခိုင်းနေတာလို့ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ
ဒုက္ခသည်စခန်းက ဦးကျော်ရွှေက ပြောပါတယ်။
"မြို့နယ်အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို နေရပ်ကိုပြန်သွားချင်ရင် ပြန်သွားလို့ရတယ်လို့ သူကပြောပါတယ်၊ ကျနော်တို့ကတော့ ဒီနေရာမှာမဖြစ်ရင် သင့်တော်တဲ့နေရာမှာ နေခိုင်းရင်လည်းကျေနပ်ပါတယ်၊ ဒါပေမဲ့ သူကမပြန်ရင်တော့ ဒီမှာလောလောဆယ် ဒုက္ခသည်စခန်းအနေနဲ့ စုပေါင်းပြီးနေတာကိုတော့ သူတို့က မလိုချင်ဘူးလို့ပြောပါတယ်၊ ကျနော်တို့က လက်ရှိအခြေအနေအရ ဒီနေရာမှာနေမယ်လို့တော့ စဉ်းစားထားပါတယ်"
ကျောက်တော်မြို့နယ် ငစရိုင်းကိုင်းကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းမှာလည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့ကရောက်ရှိလာပြီး ဒုက္ခသည်တွေနေရပ်ပြန်ကြဖို့ ပြောဆိုခဲ့တယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဒုက္ခသည်တွေကို အခုလို နေရပ်ကိုပြန်ခိုင်းနေတာ ဖြစ်တယ် လို့လည်းပြောပါတယ်။
RFA က ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်လူမှုရေးဝန်ကြီးကို ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ လတ်တလော မဖြေနိုင်ကြောင်း ပြောပါတယ်။
ဒုက္ခသည်တွေဟာ မိုးများတာကြောင့် လတ်တလော နေထိုင်ရေး အခက်အခဲ ဖြစ်နေပါတယ်။ သူတို့ကျေးရွာတွေ မှာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာအပြင် တောင်ယာလုပ်ရမယ့်အချိန် လွန်သွားပြီဖြစ်တာကြောင့် နေရပ်မပြန်လိုကြပါဘူး။
ကျောက်တော်မြို့နယ် ငစရိုင်းကိုင်းကျေးရွာမှာ စစ်ဘေးလူဦးရေ ၂၀၀ ကျော်ရှိနေရာကနေ မနေ့က နောက်ထပ် ၂၀ လောက် တိုးလာပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့မြို့နယ်တွေမှာ စစ်ဘေး ဒုက္ခသည် ၂၀၀၀ နီးပါးရှိနေတာဖြစ်ပါတယ်။
ရခိုင်စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။