ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံရ

ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာကို တွေ့ရစဉ်
ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာကို တွေ့ရစဉ် (ဓါတ်ပုံ - မင်းသိန်းအောင်/ RFA)

0:00 / 0:00

ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)(ခ) နဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ကိုယ်တိုင်လာရောက် တရားရင်ဆိုင်ဖို့ သမ္မာန်စာပေး ပို့လိုက်တယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ကတော့ တပ်မတော်က တရားစွဲဆိုတာလို့ သူ့အနေနဲ့ ကြားသိထားကြောင်း အကြောင်းအရင်းကိုတော့ မသိကြောင်း RFA ကို ပြောပါတယ်။

ဒါပေမဲ့ RFA က တေ့ွရတဲ့ တရားရုံးသမ္မာန်စာမှာတော့ တရားစွဲဆိုသူ အဖွဲ့အစည်းရဲ့အမည်ကို တိတိကျကျ ဖော်ပြရေးသားထားတာ မတေ့ွရပါဘူး။

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဘူးသီးတောင် မြို့နယ်မှာ တပ်မတော်က တရားစွဲဆိုတဲ့အမှု မရှိကြောင်း RFA ကို ဖြေကြားပါတယ်။

ဇန်နဝါရီလ ၂ရက်နေ့က ဘူးသီးတောင်းမြို့နယ် တရားရုံးကနေ ဆင့်ခေါ်စာ ပေးပို့လိုက်တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ဖော်ပြထားပေမယ့် စွဲဆိုရတဲ့ အကြောင်းအရင်းကိုတော့ ဆင့်ခေါ်စာမှာ ဖော်ပြထားခြင်း မရှိပါဘူး။ တရားစွဲဆိုခံရသူ ဦးမောင်သိန်းညွန့်ကို RFA က ဆက်သွယ်ပေမယ့် လတ်တလောမှာ ဆက်သွယ်လို့ မရသေးပါဘူး။

စည်တောင်ကျေးရွာက ဒေသခံ ၁၁ ယောက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တပ်မတော်က လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားခဲ့တယ်ဆိုပြီး သတင်းမီဒီယာတချို့ကို ဦးမောင်သိန်းညွန့်က ဖြေကြားခဲ့တာကြောင့် အခုလို တရားစွဲဆိုတာဖြစ်နိုင်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွှန့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)(ခ) နဲ့ စွဲဆိုထားတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ ကိုယ်တိုင်လာရောက် အစစ်ဆေးခံဖို့ ဘူးသီးတောင်မြို့နယ် တရားသူကြီး ဦးဉာဏ်ထွဏ်း က သမ္မာန်စာပေး ပို့လိုက်တာပါ။

သမ္မာန်စာကို ဇန်နဝါရီလ ၂ ရက်နေ့ နေ့စွဲနဲ့ ဦးမောင်သိန်းညွန့်ထံ ပေးပို့လိုက်တာဖြစ်ပြီး အဲဒီစာမှာ တရားလိုလုပ်ပြီး အမှုဖွင့်တိုင်တန်းတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ အမည်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဘူးသီးတောင်မြို့နယ် တရားရုံးကို သွားရောက်မေးမြန်းစုံစမ်းရာမှာ ဘူးသီးတောင်မြို့ အခြေစိုက် တပ်မတော် ဗိုလ်မှူးတစ်ဦးက လာရောက်အမှုဖွင့်တာဖြစ်ကြောင်း တရားရုံးက ပြောဆိုတယ်လို့ ဦးမောင်ကျော်ဇံက RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မနက်က ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာက ဒေသခံ ၁၁ ဦးကို တပ်မတော်က ခေါ်ယူသွားတဲ့ကိစ္စအပေါ် သတင်းမီဒီယာမှာ ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆိုတာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဆိုပါတယ်။

"စည်တောင်အုပ်ချုပ်ရေးမှူးကို အခြေချစစ်ဗျူဟာ ဘူးသီးတောင်က ဗိုလ်မှူးတစ်ဦးက တရားရုံးကို လာပြီးတော့ အမှုဖွင့်တယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာလာပြီးတော့ အမှုဖွင့်တာ။ အဲဒီစည်တောင် ရွာသား ၁၁ ဦးကို စစ်တပ်က ခေါ်ယူသွားတယ်။ ခေါ်ယူသွားတော့ အုပ်ချုပ်ရေးမှူးက မသိဘူး။ အဲဒီကိစ္စ အုပ်ချုပ်ရေးမှူးကို သတင်းဌာန တစ်ခုကမေးတော့ ဟုတ်တယ် ယူသွားတယ်၊ ယူသွားတဲ့အခါ ဘာဖြစ်လဲဆိုပြီးသတင်းဌာနက သူ့ကိုမေးတော့ သူကသူ့ရဲ့အမြင်ကို ပြောတယ်။ ဒါဟာလူသား ဒိုင်းကာတဲ့ သဘောဖြစ်တယ်။ ကျနော်ဟာ အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပေမယ့်လို့ ကျနော် မသိရဘူး။ ကျနော် မသိဘဲခေါ်ယူသွားတော့ စိုးရိမ်တယ် အဲလိုသဘောမျိုး ပြောလိုက်တယ်။ အဲဒီကိစ္စနဲ့ အမှုဖွင့်တာ။ အဲဒါကို ကျနော်ကိုယ်တိုင် တရားရုံးမှာသွားစုံစမ်းတယ်၊ ဘယ်ကဖွင့် တယ်ဆိုတော့ ဗျူဟာကဗိုလ်မှူးတစ်ယောက် လာဖွင့်တာလို့ပြောတယ်"

တပ်မတော်စစ်ကြောင်းက ဒီဇင်ဘာ ၂၇ ရက်နေ့မနက်မှာ စည်တောင်ကျေးရွာက ဒေသခံ ၁၁ ဦးကို ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာကို ခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်က လူသားဒိုင်းကာသဖွယ် ခေါ်ယူတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ တရားစွဲခံရတဲ့ ဦးမောင်သိန်းညွန့်က RFA နဲ့ အခြားသတင်းမီဒီယာတွေကို ပြောဆိုခဲ့တာပါ။

တရားစွဲဆိုခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကာယယံရှင်ဖြစ်တဲ့ စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကတော့ တပ်မတော်က တရားလိုလုပ်ပြီး စွဲဆိုတယ်လို့ကြားရပေမယ့် အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

"အဲလိုတော့ ကျနော်လည်း ကြားတာပဲဗျ။ တရားရုံးမှာစွဲထားတယ်လို့ ပြောတယ်။ ကျနော်တို့ဆီတော့ မရောက်သေးဘူး။ ရောက်ရင်တော့ အပေါ်တင်ပေးရမှာ။ အခုလောလောဆယ်တော့ ပြောလို့မရသေးဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရမှာပေါ့"

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမှုဖွင့်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို တပ်မတော်ဘက်က အကြောင်းကြားတာရှိသလားလို့ မေးမြန်းရာမှာတော့ မရှိဘူးလို့ ဦးကျော်မင်းထွန်းက ဖြေကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာ စည်တောင်ကျေးရွာကို မကြားဖူးသလို ဘူးသီးတောင်မြို့နယ်မှာ အမှုဖွင့်ထားတာလည်း မရှိကြောင်း အခုလို ပြောပါတယ်။

"အဲဒါမကြားမိဘူးခင်ဗျ ကျနော် ဒီမှာ။ အဲဒီမှာ အဲဒီရွာလည်း ကျနော် မကြားမိဘူးခင်ဗျ။ ကျနော်လည်း တော်တော်နှံ့နေပြီ အဲဒီနေရာတွေသွားနေတာ။ ကျနော်ကတော့ မကြားမိဘူးခင်ဗျ။ ဟုတ်ကဲ့ မကြားမိပါဘူး"

ဘူးသီးတောင်မြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ အဖြစ်မှန်ကို အမှန်အတိုင်းထုတ်ဖော်ပြောဆိုသူတစ်ဦးကို အရေးယူဖို့ကြိုးစားတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

"ကျနော်တို့ကတော့ အခြေအနေတစ်ခုကို စောင့်ကြည့်နေပါတယ်။ ဒီဟာကတော့ ဒီမိုကရေစီခေတ်ကြီးထဲမှာ မှန်မှန်ကန်ကန်နဲ့ သူကတင်ပြတာကို အခုလို တရားစွဲဆိုမှု လုပ်တယ်ဆိုတာက ဒါမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ သူကလည်း အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်နေတယ်ဆိုတော့ အုပ်ချုပ်ရေးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက ညှိနှိုင်းပေါင်းစပ်ပြီးတော့ အဲဒီကိစ္စကို ဖြေရှင်းလိုက်ရင် ပြီးပြတ်သွားမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက်ကိုပဲ ကျနော်တို့က လိုလားပါတယ်"

မြန်မာသတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်ကတော့ အခုလို တရားစွဲဆိုတဲ့လုပ်ရပ်ဟာ နောက်နောင်အဖြစ်မှန်ကို ထုတ်ဖော်မပြောရဲအောင် လုပ်ဆောင်တာမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ တရားစွဲဆိုတာမျိုးကို မလုပ်သင့်ဘဲ နောက်နောင်မှာ အဲဒီလိုအပြုအမူမျိုး မလုပ်အောင် ညွှန်ကြားတာမျိုးတွေသာ ဖြစ်သင့်တယ်လို့လည်း ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

"တကယ်သာ သူပြောတဲ့အတိုင်း မှန်တယ်ဆိုလို့ရှိရင် တရားလုံးဝမစွဲသင့်ပါဘူး။ နောက်တစ်ခုကတော့ စွဲဆိုထားတဲ့အမှုဖွင့်တာကို ရုပ်သိမ်းသင့်တယ်။ တကယ်တမ်းကျတော့ တောင်းပန်ရမယ့်ကိစ္စပေါ့နော်။ တောင်းပန်တယ်ဆိုတာ ဒါမျိုးမလုပ်ဖို့အတွက်လည်း သက်ဆိုင်ရာ အထက်ကတာဝန်ရှိတဲ့လူတွေက အောက်ခြေကို ညွှန်ကြားဖို့လည်းလိုတာပေါ့။ တကယ်လုပ်သင့်လုပ်ထိုက်တာကတော့ နောက်နောင်မဖြစ်အောင် ဆင်ခြင်ဖို့ရယ်၊ ဒီစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းဖို့ရယ် ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်"

သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကိစ္စအပေါ် ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက စောင့်ကြည့်နေကြပြီး အခုအချိန်ကတည်းက နှစ်ဖက်ကျေးအေးမှုရရှိအောင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ကြိုးပမ်းနေတယ်လို့လည်း ပြောကြပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)(ခ) ဟာ ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။