သေဆုံးစာရင်း အစိုးရပြင်ဆင် ထုတ်ပြန်
2012.10.26

မနေ့က နေ့လည်ပိုင်းလောက်က သေဆုံးသူ ၁၁၂ ယောက် ရှိတယ်လို့ ပြောခဲ့ပေမယ့် တွက်ချက်မှု မှားယွင်းတာကြောင့် အမှားပြင်ဆင်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ မြို့နယ် ၆ မြို့နယ်မှာ အကြမ်းဖက် မီးရှို့မှုတွေကြောင့် အိမ်ခြေ ၂၀၀၀ လောက် ဆုံးရှုံးရပြီး ဒဏ်ရာရရှိသူက ၁၀၀ လောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
မနေ့က အာအက်ဖ်အေက မေးမြန်းရာမှာ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က သေဆုံးသူ ၁၁၂ ယောက် ၊ ဒဏ်ရာရသူ အရေအတွက်ဟာ ကလေး ၁၀ ယောက် အပါအဝင် ၇၂ ယောက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ဒေသခံတွေ ပြောပြချက်အရ အခင်းဖြစ်ပွားမှုတွေမှာ ဝင်ရောက်ထိန်းသိမ်းတဲ့ စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြားမြို့နယ်မှာ တဖက်နဲ့တဖက် အကြမ်းဖက်မှု မီးရှို့မှုတွေ စတင်ဖြစ်ပွားခဲ့ရာက မြောက်ဦး၊ ကျောက်ဖြူ နဲ့ ရသေ့တောင် မြေပုံ နဲ့ ကျောက်တော် မြို့နယ်တွေ အထိ ပြန့်နှံ့ခဲ့တာပါ။ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ညမထွက်ရ အမိန့်ကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတရုံးကတော့ လက်ရှိ အကြမ်းဖက်မှုတွေ ရပ်တန့်ကြဖို့ မေတ္တာရပ်ခံထားသလို ၊ တစ်ချိန်တည်းမှာပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အောင် သွေးထိုး လံှု့ဆော်သူတွေကို ဖေါ်ထုတ်မိရင် ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။