ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်

ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။

2012.09.10
us-envoy-rakhine-victims-090912-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ်။
RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Joseph Yun တို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ နေရာတွေကို နှစ်ရက်ကြာ သွားရောက် ကြည့်ရှု လေ့လာခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခဒဏ်ကို နှစ်ဖက်စလုံး အကြီးအကျယ် ခံခဲ့ကြရပြီး စာနာမှုကူညီရေး အခြေအနေကလည်း စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ကြောင်း လိုအပ်နေတာတွေကို ချက်ခြင်းအမြန် ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အပြင် ရေရှည်အတွက် အခြေခံကျတဲ့အလုပ်တွေ၊ တည်တံ့ခိုင်မြဲပြီး တရားမျှတတဲ့ ဖြေရှင်းမှုတွေ ချမှတ်ဖို့လည်း လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ Joseph Yun ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စ ဆက်လက် ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။