နိုင်ငံတကာလေ့လာသူတွေကို ဝင်ခွင့်ပြုဖို့ မြန်မာအစိုးရကို သြစတြေးလျသံမှူးပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (Photo: Min Thein Aung/ RFA)

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်ရှိနေသေးတဲ့ မွတ်စလင်ဘာသာဝင်တွေရဲ့ အခြေအနေ ပိုသိရဖို့အတွက် နိုင်ငံတကာ လေ့လာသူတွေကို မြန်မာအစိုးရအနေနဲ့ ခွင့်ပြုရမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ သြစတြေးလျသံမှူး က ပြောပါတယ်။

သြစတြေးလျအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ၊ ဒါ့ပြင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက အစိုးရတပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ကြောင်း၊ အချက်အလက် ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ပြီး၊ ကျူးလွန်သူတွေကို အရေးယူဖို့လည်း ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ သြစတြေးလျ သံမှူး လန့်ချလင် စထရာဟန် က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မနေ့က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အကြီးအကဲ မာ့ခ် ပါဆဲ က နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့လိုကြောင်း၊ ဒီကိစ္စအတွက် သြစတြေးလျရဲ့ အားကောင်းမောင်းသန် ကြားဝင်ပြောဆိုမှုအပေါ် ကြိုဆိုကြောင်း ပြောပါတယ်။

ဆက်လက်ပြောဆိုရာမှာ ဝန်ကြီးချုပ် Turnbull နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ကင်ဘာရာမှာ တွေ့ဆုံခဲ့အပြီး၊ သြစတြေးလျအစိုးရဟာ ရိုဟင်ဂျာကိစ္စအပေါ် ပိုပြီး ပြင်းထန်တဲ့အနေအထားကို ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ သွားရမယ့်ခရီးက ဝေးလှပါသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။