စစ်တွေ၊ ဝါဘိုရွာထဲ စစ်ကောင်စီတပ် ဝင်လာလို့ ရွာသားတွေ ထွက်ပြေး

2022.05.25
စစ်တွေ၊ ဝါဘိုရွာထဲ စစ်ကောင်စီတပ် ဝင်လာလို့ ရွာသားတွေ ထွက်ပြေး ရခိုင်ပြည်နယ် စစ်တွေမြို့ ဝါဘိုရွာ
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဝါဘိုရွာကို မေလ ၂၄ ရက်နေ့ မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အခုလက်ရှိ ရွာထဲမှာ တပ်စွဲထားပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ ကျန်နေသေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ကတော့ ကိုယ့်မှာအပြစ်ရှိလို့ ရှောင်နေကြတာမဟုတ်ဘူး။ သူတို့ကရွာထဲမှာမြင်ရင် စစ်ဆေးမေးမြန်းမှာ၊ ပြောလို့ဆိုလို့ မတတ်ရင် သံသယနဲ့ ဖမ်းဆီးခံရမှာ။ အဲဒါတွေကိုကြောက်လို့ လူငယ်၊ လူရွယ်ပိုင်း တွေကတော့ အားလုံးတိမ်းရှောင် နေကြတာပဲ”

ဝါဘိုရွာမှာ အိမ်ခြေ သုံးရာကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်ပါတယ်။ ဝါဘိုရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေတာနဲ့ပတ်သက်လို့ ပြည်နယ်အာဏာပိုင်တွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

signal-2022-05-25-095854_002.jpeg

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေမြို့နယ်ထဲက ကံ့ကော်ကျွန်း၊ ဗျိုင်းဖြူ စတဲ့ရွာတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေဟာ တစ်အိမ်တက်ဆင်း ဧည့်စာရင်း စစ်ဆေးနေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုမေလ အစောပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ဒေသတွင်းမှာ AA တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။