ရန်ကုန်က ရခိုင်လူငယ်အဆိုတော် ဖုန်းဆိုင် ချိပ်ပိတ်ခံရ
2024.02.29

အင်တာနက်လူမှုကွန်ရက်မှာ ထင်ရှားတဲ့ ရခိုင်လူငယ်အဆိုတော် ကိုဇေယျာရဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သင်္ကန်ကျွန်းကြီးက ဖုန်းဆိုင်ဟာ ဖေဖော်ဝါရီလ ၂၇ ရက်က ချိပ်ပိတ်ခံလိုက်ရတယ်လို့ ကာယကံရှင် ကိုဇေယျာက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ထောက်ခံသူတွေက သူဟာ ရက္ခိုင့်တပ်တော် (AA) ထောက်ခံသူ၊ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) ထောက်သူဖြစ်တယ်လို့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ ဖော်ပြခဲ့ကြပြီးနောက် စစ်ကောင်စီတပ်သားတွေက ဆိုင်ကိုလာရောက်ရှာဖွေချိန် မတွေ့တာကြောင့် ဆိုင်ကိုချိပ်ပိတ်သွားတာလို့ ကိုဇေယျာက ပြောပါတယ်။
“ကျွန်တော်က ပြည်သူပါ။ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ ပတ်သက်တာမရှိပါဘူး။ စစ်ကောင်စီတပ်ထောက်ခံသူတွေက ကျွန်တော့်ကို AA ကို ထောက်ခံတဲ့သူ၊ PDF ကို ထောက်ခံတဲ့သူဖြစ်တယ်။ ရခိုင်ဖြစ်တယ်။ အမျိုးမျိုးတင်တာရှိတယ်။ အဲဒီကတည်းက ကျွန်တော်ကတော့ ရှောင်နေတာပါ။ အခုသူတို့က ကျွန်တော့်ကိုဖမ်းဖို့ ရှာနေတယ်။ ဖုန်းဆိုင်ကိုလည်း ချိပ်ပိတ်ထားတယ်။ စောင့်ကြည့်နေတာလည်းရှိတယ်။ အဲဒီပစ္စည်းတွေ ပြန်လိုချင်ရင် စစ်တပ်ထဲက လာတောင်းလို့ပြောပါတယ်”
ဖုန်းဆိုင်ပိုင်ရှင် ကိုဇေယျာဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူသိများတဲ့ အဆိုတော်လူငယ်တစ်ဦးဖြစ်ပါတယ်။
ပေါက်တောမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ဟာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မီးလောင်ပြာကျသွားပြီဖြစ်သလို အခုသူ့ရဲ့ဖုန်းဆိုင်ကလည်း ချိပ်ပိတ်ခံလိုက်ရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကိုဇေယျာက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။