ဒါပေမဲ့ ဒေသခံတွေ အဆိုအရ သေဆုံးသူအနည်းဆုံး ၁၀ ဦးခန့် ရှိတယ်လို့ ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားတဲ့နေရာဟာ ရသေ့တောင်မြို့နယ် ကူတောင်ရွာနဲ့ အနောက်ပြင်ရွာ နှစ်ရွာတို့ အချင်းများပြီး ဖြစ်တာလို့ ဆိုပါတယ်။ အစိုးရအဖွဲ့ ပြန်ကြားရေးဌာနက ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ ဒီပဋိပက္ခဟာ မီးရှို့မှုများက စတင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
"တဘက်နဲ့တဘက် ရှို့ကြတာပေါ့ဗျာ။ သူတို့က တစယောက်နဲ့တစ်ယောက်၊ ကျေးရွာအပြင်ဘက်မှာရှိတဲ့ အိမ်တွေပေါ့။ ဝေးတဲ့နေရာတွေပေါ့ဗျာ။ ကျွန်တော်တို့ အစိုးရအဖွဲ့ကလေ ဆန်တွေ၊ ရိက္ခာတွေပို့ဖို့ မနက်ကတည်းက စီစဉ်နေတာဗျ၊ မနေ့ကညကတည်းက အဲဒီဘက်ကို ကျွန်တော်တို့ မော်တော်နဲ့ သွားမယ်ဆိုရင် နည်းနည်းတော့ အချိန်ယူရတာပေါ့။ နောက်ပြီးတော့ ဒီမှာက မိုးလေဝသအခြေအနေက များတော့လေ၊ မသွားခင်လေးမှာ ဖြစ်သွားတယ်လို့ ကျွန်တော်တို့က သိရတယ်။ မနက် ၆ နာရီခွဲလောက်က စဖြစ်တယ်လို့ သူတို့ကြေးနန်းက အဲဒီလိုတင်ပေးတယ်။ တင်တော့ ကျွန်တော်လည်း စောစောကတော့ ဟုတ်မဟုတ် သေသေချာချာမေးတယ်။ ၆ နာရီစဖြစ်တာ။ ၉ နာရီ ၁၅ မှာမီးငြိမ်းသွားတယ်။ သူတို့တင်ထားတာ ၁၁ ဦးဒဏ်ရာရတယ်။ ရခိုင်လူမျိုး ၃ ဦးဆုံးတယ်။ မွတ်ဆလင် ၂ ဦးဆုံးတယ်"
ကူတောင်ရွာမှာ နေထိုင်တဲ့ ဒေသခံတွေအဆိုအရ မနက်ပိုင်း ၅ နာရီလောက်မှာ ရိုဟင်ဂျာ ဘင်္ဂါလီတွေက သူတို့ရွာကိုလာပြီး မီးရှို့လို့ ရွာကလူစုပြီး လိုက်သွားစဉ်မှာ အနောက်ပြင်ရွာအနီး ခြုံခိုတိုက် ခိုက်တာ ခံရတာလို့ ပြောပါတယ်။
ရွာသားတွေ အဆိုအရ ကူတောင်ရွာက သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားရာကို သွားရောက်ကြည့်ရှုနေတဲ့ ရသေ့တောင်မြို့ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာ စစ်တပ်နဲ့ ရဲက အခြေအနေကို ထိန်းသိမ်းထားတယ်လို့ ဖြေကြားပါတယ်။
ကုလားတန်သတင်းဌာနနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် BROUK ရိုဟင်ဂျာ အသင်းတို့က သတင်းထုတ်ပြန်ရာမှာတော့ အနောက်ပြင်ရွာမှာ ရခိုင်တွေနဲ့ ရိုဟင်ဂျာလူမျိုးတွေ အပြန်အလှန် တိုက်ခိုက်ကြရာမှာ ရခိုင်လူမျိုး ၈ ဦး၊ ရိုဟင်ဂျာ ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သာရပင်နဲ့ မူဇါဒီယာ အမည်ရှိ ရိုဟင်ဂျာ ကျေးရွာ နှစ်ရွာတို့မှာလည်း မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံးက လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အလားတူ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီသတင်းတွေကို အတည်ပြုလို့တော့ မရသေးပါဘူး။