ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်သုံးသပ်ချက် မှတ်တမ်း RNDP ပါတီကန့်ကွက်

ဒီနေ့ နေ့လည်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးက ပေးပို့တဲ့ သဝဏ်လွှာကို နာယက ကဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်မယ့် အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့အတွက် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။ RFA

အဲဒီသဝဏ်လွှာနဲ့အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းထဲမှာ ရခိုင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အချက် ၉ ချက် ပါတဲ့အတွက် ကန့်ကွက်တာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က RFA ကို ပြောပါတယ်။

"ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ ဆိုပြီးတော့ အဲဒီမှာ "က" ကနေပြီးတော့ "ဈ" အထိအချက် ၉ ချက် သူကရေးပေးထားတယ်။ အချက် ၉ ချက်က ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ နောက်ပြီးတော့ ရခိုင်က ဆရာတော်တွေ အပါအဝင်ပေါ့။ ရခိုင်နိုင်ငံရေး ပါတီတွေအပေါ်မှာ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အရေးအသားတွေ ပါတယ်။ အဲဒီအချက်တွေမှာ။ ဒါကို လက်မခံနိုင်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း သီးခြား ကန့်ကွက်စာ တစ်စောင်တင်တယ်။ ကျွန်တော်တို့ RNDP က ကိုယ်စားလှယ် ၁၄ ယောက် ရှိတယ်၊ ဒီမှာ။ ၁၄ ယောက်စလုံးလည်း လက်မှတ်ထိုးပြီးတော့ ကန့်ကွက်လွှာ တစ်စောင် တင်ကြပါတယ်"

ပြည်ထောင်စုလွှတ်တော်မှာ ရခိုင်အရေးကိစ္စအပြင် ပျော်ဘွယ်အမတ် ဦးမြင့်စိုးက အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် မှားယွင်းတာကို ဝန်ခံကြေညာချက် ထုတ်ပြန်ဖို့ အရေးတကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး အဲဒီအဆိုကို လွှတ်တော်အသီးသီးမှာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က RFA ကိုပြောပါတယ်။

လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်နဲ့ မညီဘူးလို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ဆုံးဖြတ်ထားတာရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဘရှင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org